
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလနရပ်ကွက် နယ်မြေ ၃ ရှိ နယ်မြေရဲစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးဖွဲ့ PDF အဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ပြီး လူနေအိမ်အချို့လည်းထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။
ယမန်နေ့ ဧပြီ ၂၁ ရက်နေ့ည ၈နာရီဝန်းကျင်ခန့်အချိန်တွင် ပလန နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ယခုလိုပြောဆိုခဲ့သည်။
“သူတို့ဘက်က ထိခိုက်မှုတော့ရှိနိုင်တယ် ဘယ်နှစ်ယောက်သေတယ် ထိခိုက်တယ်ဆိုတယ် ဆိုတာက သူတို့ဘက်ကဘယ်တော့မှ မထုတ်ပြန်ဘူး ဖုံးထားတာများတယ်။ ထိခိုက်မှုတော့ ရှိတော့ရှိတယ်။ သေဆုံးတဲ့အထိဖြစ်နိုင်မလား ဒဏ်ရာရတဲ့အထိဖြစ်နိုင်မလားပေါ့”ဟု ၎င်းကပြောသည်။
အဆိုပါသွားရောက်ပစ်ခတ်မှုကြောင့် ရဲစခန်းဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာတွင် အဆိုပါ ရဲစခန်းအနီးတွင်ရှိသော လူနေအိမ်တစ်ချို့၏ အိမ်ခေါင်မိုးများ ထိခိုက်မှုရှိခဲ့ကြောင်း ပလနရပ်ကွက်နေအမျိုးသားတစ်ဦး ပြောဆိုချက်မှသိရသည်။
“ရဲတွေဘက်ကနေရမ်းပစ်လို့ လူနေအိမ်တွေထိတာရှိတယ်။ အိမ်ပေါ်မှာ လူနေရင်တောာင် ထိခိုက်မှုရှိနိုင်တယ်။ ခေါင်မိုးတွေကတော့ ဇကာပေါက်လိုဖြစ်သွားတယ်။ ရဲစခန်းနောက်ကျောဘက်က အိမ်တွေမှာထိတာ”ဟုပြောဆိုသည်။
ပလန နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့ သွားလာဖြတ်သန်းသည့် အများပြည်သူများကို လမ်းများပိတ်ဆို့ထားကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး နံနက်ပိုင်းမှ ပုံမှန်သွားလာခွင့်ပြုထားကြောင်း ဆက်သိရသည်။
မြစ်ကြီးနားမြို့အတွင်းရှိ ရဲစခန်းများကို ယခင်က ဗုံးဖောက်ခွဲမှုများသာပြုလုပ်ခဲ့ပြီး မြို့တွင်းရဲစခန်းအထိ သွားရောက်ပစ်ခတ်မှုမှာ ယခုပထမအကြိမ်ဖြစ်သည်။