,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

စစ်ရှောင်စခန်းတွင် တပ်ချသည့် MNDAA တပ်ဖွဲ့ကို ရုပ်သိမ်းပေးရန် တောင်းဆိုသော စစ်ရှောင်များပြန်လည် အော်ဟစ် ခံရ

ကွတ်ခိုင်၊ ဇွပ်အောင် စစ်ရှောင်စခန်း

ရှမ်းမြောက် ကွတ်ခိုင်မြို့အနီး ဇွပ်အောင် ကချင်စစ်ရှောင်စခန်းတွင် ကိုးကန့် MNDAA မှ စခန်းချနေထိုင်မှုကို ရုပ်သိမ်းပေးရန် သွားရောက်တောင်းဆိုခဲ့သည့် စခန်းတာဝန်ခံများ ပြန်လည် အော်ဟစ်ခံရကြောင်း သိရသည်။

ကိုးကန့် MNDAA တပ်ဖွဲ့ အင်အား ၃၀၀ ခန့်သည် ဇွပ်အောင် (Zup Awng) စစ်ရှောင်တွင် ယခုနှစ်ဆန်းပိုင်းမှစတင်ကာ လက်နက်ကြီး အပြည့်အစုံဖြင့် လာရောက်စခန်းချနေထိုင်သဖြင့် စစ်ရှောင်ပြည်သူများ၏ လုံခြုံရေး ကင်းမဲ့လာသောကြောင့် ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက်ပိုင်း ၁၁ နာရီခန့်က ကိုးကန့် တာဝန်ရှိသူများထံ သွားရောက်ပြောဆိုစဉ် ပြန်လည် အော်ဟစ် ခြိမ်းခြောက်ခံရခြင်း ဖြစ်သည်ဟု စစ်ရှောင်တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

မုန်မစ်ဆင်လီမှာ ဒီစခန်းက အကြီးဆုံး။ ဒီနှစ်ဆန်းကစပြီး စစ်ရှောင်စခန်းမှာ သူတို့ လက်နက်ကြီးနဲ့ အတူနေတယ်။ ဝတ်ပြုတဲ့နေရာ၊ မူကြိုကျောင်းမှာ နေတယ်။ စာသင်ကျောင်းမှာနေတယ်။ စစ်ရှောင်စခန်းမှာ ဘယ်လက်နက်ကိုင်မှ မနေရဘူးဆိုတဲ့အကြောင်း သွားပြောဖို့ သွားတာ ဟုတ်တယ်။ အဲဒါ သူတို့ အရာရှိက အခန်းကထွက်လာတာနဲ့ ဆဲရေး အော်ဟစ်တယ်။ သေနတ်တွေပြင်ပြီး အရှေ့အနောက် ဝိုင်းပြီးတော့ သူတို့က အော်နေတာ။ စားပွဲကို လက်နဲ့ထုပြီးတော့ လက်ညိုးထိုးပြီး အော်နေတာ။

အဆိုပါ စစ်ရှောင်စခန်းတွင် ကိုးကန့် MNDAA တပ်ဖွဲ့မှ ယခင်ကတည်းက ဝင်ထွက် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး စခန်းတွင်း လက်နက်အပြည့်အစုံဖြင့် အခြေချနေထိုင် နေသည်မှာ ၄ လခန့်ရှိလာပြီ ဖြစ်သည်။

စစ်ရှောင်များ၏ ဘုရားဝတ်ပြုသောနေရာ၊ ကလေး မူကြိုကျောင်းနှင့် စာသင်ကျောင်းများတွင် တပ်ချနေသောကြောင့် ဇွပ်အောင် စစ်ရှောင်စခန်းတွင် ပညာသင်ကြားရေးအစီစဉ်များကိုပင် ရပ်နားထားရသည်ဟု စစ်ရှောင်များထံမှ သိရသည်။

ထို့အပြင် MNDAA စစ်သားများသည် စခန်းအတွင်း အသက်မပြည့်သေးသော မိန်းကလေးများကို ငွေပေးကာ လည့်ဖျားခြင်း၊  အရက်ဘီယာများ တိုက်ခြင်း စသည့်လုပ်ရပ်များကို ပြုလုပ်နေသည့်အပြင် စစ်ရှောင်များ၏ ပိုင်ဆိုင်မှု ဆိုင်ကယ်များကို လူအင်အားဖြင့် အတင်းအဓမ္မ ဌာရမ်းခြင်းများကို ပြုလုပ်နေသည်ဟု ဆိုသည်။

ထို့ကြောင့် မိန်းကလေးရှိသော မိဘများသည် စိုးရိမ်သဖြင့် အဝတ်လျော်ခိုင်းခြင်း၊ ကျူရှင်သွားခြင်း စသည့် နေ့စဉ်ပြုလုပ်နေသော အစီစဉ်များကိုပင် ရပ်နားထားခိုင်းကြောင်း ပြောပြသည်။

နိုင်ငံရေး စစ်ရေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသော စစ်ပြေးဒုက္ခသည်များ ခိုလှုံရာ စခန်းတွင် ကိုးကန့် MNDAA တပ်ဖွဲ့မှ စခန်းချနေထိုင် ခြင်းသည် စစ်ရှောင်စခန်းရှိ ပြည်သူများကို လူသားဒိုင်းသဖွယ် အသုံးပြုနေခြင်း ဖြစ်သည်ဟု စစ်ရှောင်တစ်ဦးက ဆက်ပြောသည်။

စစ်ရှောင်နှင့် ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့တွေ လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အထက်အရာရှိတွေပဲ သိထားတာမျိုး မဟုတ်ဘဲ စစ်သားတွေလည်း သိထားသင့်တယ်။ ဒါမှသာ လက်နက်ကိုင်တွေဟာ ပြည်သူတွေရှိတဲ့နေရာကို ရှောင်ရှားနိုင်မှာဖြစ်တယ်။

စစ်ရှောင်စခန်းတွင် ကိုးကန့်တပ်ဖွဲ့ တပ်ချနေထိုင်မှုကြောင့် တိုက်ပွဲဖြစ်ပွားလာခဲ့လျှင် ထိခိုက်နှစ်နာရမည်မှာ စခန်းအတွင်းရှိ ပြည်သူများသာဖြစ်သောကြောင့် ယခုလို လုပ်ရပ်ကို အမြန့်ရုပ်သိမ်းပေးရန် စစ်ရှောင်များ က တောင်းဆိုနေကြသည်။

လက်ရှိ နွေရာသီ ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရသော ဇွပ်အောင်စစ်ရှောင်စခန်းတွင် ပြည်သူများ ရေကို ချွေတာသုံးစွဲသော်လည်း MNDAA စစ်သားများသည် ရေဖြုန်းတီးသည့်အဆင့်ထိ သုံးစွဲနေသောကြောင့် ခက်ခဲမှု ပိုဖြစ်စေသည်ဟု ဆိုသည်။

ထို့အပြင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ဇွပ်အောင် စစ်ရှောင်ပြည်သူများ လုပ်ကိုင်စားသောက်နေသော အနီးနားရှိ တောင်ယာများကိုလည်း သိမ်းပိုက်ကာ စခန်းချထားသည်ဟု သိရသည်။

ကွတ်ခိုင် ဇွပ်အောင် (Zup Awng) စစ်ရှောင်ပြည်သူများသည် ၂၀၁၁ ခုနှစ် မှစတင် ထွက်ပြေးလာသူများဖြစ်ပြီး လက်ရှိ လူဦးရေ ၁၀၀၀ ခန့်ရှိသည်ဟု သိရသည်။

Read Previous

သော့ခတ်ထားသည့် နေအိမ်မှ ဆိုင်ကယ် ၂ စီး အခိုးခံရ

Read Next

ကလေးမြို့ တောင်ဘက်တွင် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာ