သတင်း

သော့ခတ်ထားသည့် နေအိမ်မှ ဆိုင်ကယ် ၂ စီး အခိုးခံရ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း သော့ခတ်ထားသည့် ဆိုင်ကယ်ယာဉ် ၂ စီး ယမန်နေ့ည ခိုးယူခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်ခန့်က နေအိမ်အတွင်း ဇာတ်သော့ခတ်ထားသည့် ၁၂၅ ဆိုင်ကယ်နှင့် ဆိုင်ကလုန်းဆိုင်ကယ် ၂ စီး ခိုးယူခံခဲ့ရကြောင်း ဆိုင်ကယ်အခိုးခံရသည့် နေအိမ်မှ မိသားစုဝင်များထံက သိရသည်။

“၁၂၅ ဆိုင်ကယ်နဲ့ ဆိုင်ကလုန်းဆိုင်ကယ် ၂ စီးခိုးခံလိုက်ရတယ်။ ဇာတ်သော့တွေ အကုန်ခတ်ထားတယ်။ ဒီသော့တွေလောက်က ဘာမှမခက်ဘူးထက်တယ် သူတို့အတွက်။ ခြံတခါးက သံဗန်းနဲ့ သော့လည်း အကြီးကြီးခတ်ထားတာတောင် ဖြုတ်နိုင်တယ်။ ကျနော်က မနက် ၁ နာရီခွဲလောက်မှ အိပ်တာ။ အဲ့ချိန်ဘာမှ မဖြစ်ဘူး ဆိုင်ကယ်လဲရှိသေးတယ်။မနက်မှ ဆိုင်ကယ်မရှိမှန်း သိတယ်” ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် မကြာခဏဆိုသလို ဓားထောက် လုယက်မှုများ ၊ ဆိုင်ကယ်ခိုးမှုများ ၊ ယာဉ်တိုက်မှုများ ၊ ဓားပြတိုက်မှု ၊ ခိုးမှု နှင့် ဓားထိုးမှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုဖြစ်စဉ် အထိ ရှိနေသည်။

“ကျနော်တို့ ဒီမှာ ဆိုင်ကယ် ခုနဲ့ဆို ၄ စီးရှိပြီ ပျောက်တာ။ အရင် ၂ စီးက နေ့ခင်းဘက်ပျောက်တာ။ ဆိုင်လည်း ဖွင့်ထားတာဆိုတော့ အိမ်မှာ။ နိုင်ငံရေး မကောင်းတာကို အခွင့်ကောင်းယူပြီး ခိုးယူလုယက်တာနဲ့ အရမ်းများ လာပြီ။ ဒီဂျပန်တံတား နောင်ရာပါဘက်ဆို ပိုတောင်ဆိုးသွားပြီ။ ညဘက်ဆို လုယက်တာတွေအရမ်းဖြစ်တယ်။ မူးယစ်ဆေးသမားတွေကလည်း အချောင်ပဲလိုချင်လာတယ်။ ခိုးလုတယ် သက်သာရာပဲ ရှာလာကြတယ်လို့ ထင်တယ်” ဟု ဆိုင်ကယ်အခိုးခံရသည့် နေအိမ်မှ မိသားစုဝင် တစ်ဦးက KNG ကချင်သတင်းဌာနကို ပြောသည်။

အလားတူ မြစ်ကြီးနားမြို့ နေရာအနှံ့ နေ့စဉ်နဲ့အမျှ နေအိမ်ဖောက်ထွင်း ခံရမှုရှိနေသလို မြို့တွင်းသွားလာရာတွင်လည်း ဓါးပြတိုက်မှုများ ရှိနေသဖြင့် လုံခြုံမှုကို မခံစားရတော့ကြောင်း ပြည်သူများ ပြောဆိုနေကြသည်။

မြစ်ကြီးနားမြို့တွင် လက်ရှိ စစ်ကောင်စီတပ်သား အများအပြား ပုံမှန်ကင်းလှည့်နေသည့် မြို့တစ်ခုဖြစ်ပြီး မူးယစ်ဆေးဝါးများ ၊ လောင်းကစားဝိုင်းများ ၊ လုယက်ဓားပြတိုက်မှုများလည်း ယခင်ထက် ပိုမို များပြားလာသည်ကို တွေ့ရပါသည်။

Show More

Related Articles

Back to top button