တိုက်ပွဲသတင်း

ကလေးမြို့ တောင်ဘက်တွင် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းတွင် ကလေး ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေ ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

ဧပြီလ ၂၇ ရက်နေ့စတင်ကာ ယနေ့ထိ တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“ဒီရက်ပိုင်းအဓိက တိုက်ပွဲပြင်းထန်ခဲ့တာကတော့ ဧပြီလ ၂၇ ရက်နေ့လောက်ကပေါ့။ အဲ့နေ့တုန်းက အရှေ့စည်းကျေးရွာ ဝန်းကျင်မှာ တိုက်ပွဲတော်တော်လေးပြင်းထန်ခဲ့တယ်။ ရန်သူဘက်က အကျအဆုံးလေးများတယ် ရန်သူအလောင်းတွေ လက်နက်ခဲယမ်းတွေလည်းတော်တော်များများသိမ်း ဆည်းရမိခဲ့တယ်ဗျ” ဟု ကလေး PDF တာဝန်ရှိသူက ပြောသည်။

ဧပြီလ ၂၇ အရှေ့စည်းကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်အလောင်း ၇လောင်း၊ MA မောင်းပြန်သေနတ်တစ်လက်၊ ကျည်ထောင့် ခြောက်ရာကျော်၊ ဗုံးသီးတစ်လုံးနှင့်ဖုန်းများ သိမ်းဆည်းမိခဲ့ကြောင်းသိရသည်။

ကလေးမြို့နယ် တောင်ပိုင်းအဓိကတိုက်ပွဲပြင်း ထန်သည့်နေရာများမှာ အရှေ့စည်းကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများ၊ ရေရှင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင်အဓိက တိုက်ပွဲပြင်းထန်နေပြီး ဧပြီ ၂၈ ရက်နေ့ကလည်း တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း Kalay PDF မှ သိရသည်။

“ရေရှင်ဘက်ကတော့ ၂၇ ရက်နေ့မနက်ကနေ စပြီးတော့မြစ်သာမြစ်နဲ့ ဘက်ကနေ ရေရှင်ရွာဘက်ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတယ် မြစ်သာမြစ်ရဲ့အနောက်ဘက်ကမ်း ကလေး-ကန့်ဂေါ်လမ်းနဲ့မြစ်သာမြစ်ရဲ့ကြားထဲမှာ အဲ့ဒီမှာ ကလေး pdf နဲ့ တခြားမဟာမိတ်တပ်တွေပူးပေါင်းတပ်ဖွဲ့တွေနဲ့ ၂၇ ရက်နေ့မနက်ကတည်းကနေ တစ်နေကုန်တိုက်ပွဲဖြစ်နေတာဗျ”ဟု Kalay PDF တပ်ဖွဲ့မှတာဝန်ရှိသူကပြောသည်။

ယင်းတိုက်ပွဲတွင်လည်းစစ်ကောင်စီတပ်သား ၁၅ ဦးခန့်ထပ်မံသေဆုံးခဲ့ပြီး လက်နက်များလည်း အများအပြား သိမ်းဆည်းရပြီး ကြားဖြတ်တိုက်ပွဲနဲ့တိုက်ပွဲငယ်များလည်း ယခုရက်ပိုင်း ပိုမိုဖြစ်ပွားနေကြောင်း သိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင်စစ်ကြောင်းထိုးတိုက်ခဲ့နေသည့် စစ်ကောင်စီတပ်မှာ ခလရ ၈၇ ၊ တပ်မ ၂၂၊ ဒကစ ၁၀ ကွပ်ကဲမှု အောက်ရှိ ၃၀၆၊ ၃၀၂ တပ်တို့နှင့် အဓိက ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

ကလေးမြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် PDFတို့ကြား ထိတွေ့တိုက်ပွဲနှင့် ခြုံခိုတိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုပေါင်း ဧပြီလ လဆန်းမှစကာ ယမန်နေ့အထိ တိုက်ပွဲပေါင်း ၁၀ ကျော်အထိရှိခဲ့ပြီး စစ်ကောင်စီတပ်သား ရာဂဏန်း အထိ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button