တိုက်ပွဲသတင်း

စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး

ကသာမြို့နယ် မင်္ဂလာသုခရွာတွင် ယနေ့ နံနက် ၇ နာရီ ဝန်းကျင်မှစကာ စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေး ပူး‌ပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် မှ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ‌မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

အင်အား ၃၉ ဦး ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် မင်္ဂလာသုခရွာ၊ အောင်ရွှေဖြိုး သရက်ခြံ၌ တပ်ထိုင်ထားစဥ် ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်၊ ABSDF ပူးပေါင်းတပ်တို့မှ မိုင်း ၂ လုံးဖြင့် စတင်မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ ၁၀ဦး ထက်မနည်း ထိခိုက်သေဆုံးကြောင်း သိရသည်။

“စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတယ်။ ခဏကြာတော့ ကျွန်တော်တို့အဖွဲ့နဲ့ တိုက်ပွဲစဖြစ်တာပဲ”ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်သည် ယင်းနေရာတွင်သာ ဆက်လက်ရှိနေခဲ့သည့်အတွက် နံနက် ၉ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်၊ ABSDF ပူးပေါင်းတပ်တို့မှ 79 mm များဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဒုတိယအကြိမ်ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ABSDF ကျောင်းသားတပ်မတော် ၊ ဒေသကာကွယ်ရေးတပ်တို့မှ လက်နက်ကြီးများဖြင့် နှစ်ဖက်ညှပ်ကာ ပစ်ကူတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှုများကာ ကသာဖက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“စစ်ကောင်စီတပ်တွေ ကသာက သူတို့တက်လာတုန်းက ၃၉ ယောက်ရှိတယ်။ တိုက်ပွဲဖြစ်ပြီး ကသာဖက်ကို တပ်ပြန်ဆုတ်သွားတော့ ၂၇ ယောက်လောက်ပဲ ပြန်ဝင်လာတယ်။ ထမ်းစဉ်တွေနဲ့ ထမ်းလာတာလည်း တွေ့တယ် ” ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

စစ်ကောင်စီမှ မေလ ၁ ရက် ယမန်နေ့ ညပိုင်းမှစတင်ကာ ကသာမြို့ စေတီကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ အင်အား ၇၀ ခန့် တပ်စွဲခဲ့ပြီးနောက် ယနေ့နံနက် ၄ နာရီခန့်တွင် မင်္ဂလာသုခရွာဖက်သို့ ခြေလျှင်စစ်ကြောင်း ထိုးခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button