သတင်း

ခင်ဦး တွင် စစ်ကောင်စီတပ်မှ တစ်ရွာဝင်တစ်ရွာထွက် ကျေးရွာများကို မီးတင်ရှို့သွား

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အင်အား အလုံးအရင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစစ်သားနှင့် ပျူစောထီးအဖွဲ့ အင်အား ၁၀၀ ခန့်သည် ယနေ့ မေလ ၂ရက်နေ့တွင် စစ်ကြောင်း ၃ ကြောင်း ဖြန့်ကာ ခင်ဦးမြို့နယ်အတွင်းရှိ သရက်ကန်ရွာ၊ အင်းပတ်ရွာ၊ အင်းတိုင်းလေးရွာ၊ မူးသာကျေးရွာများတွင်းသို့ ဝင်ရောက်လာကာ ကျေးရွာမှနေအိမ်များကို မီးတင်ရှို့သွားကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သရက် ကန်ကျေးရွာကိုတော့ မနက်အစောကြီး ၇နာရီလောက်ကိုဝင်လာတယ်ဗျ ရွာထဲမှာထုခွဲ ရိုက်ခွဲနေတာဗျ သေနတ်တွေလည်းဖောက်ပြီးဝင်လာတာ ရွာသားတွေက မနက်စာမစားပဲထွက်ပြေးနေကြတာ”ဟု ခင်ဦး PDF တာဝန်ရှိသူ က ပြောသည်။

အလားတူ အဆိုပါစစ်ကြောင်းသည် သရကန်ကျေးရွာရှိ သရကန်ကျေးရွာတံတားကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လည်ပိုင်းတွင် အင်းပတ်ကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်လာကာ လူနေအိမ်အများအပြားကိုလည်း မီးတင်ရှို့ခဲ့ကြောင်း ခင်းဦး PDF တာဝန်ရှိသူက ဆက်ပြောသည်။

“အဲ့ဒီ အင်ဒေါင်းအနီးတစ်ဝှက်ကကျေးရွာတွေဗျ အင်ဒေါင်းတစ်ကျောလုံးက နေအိမ်တွေမီးရှို့ခံလိုက်ရတာ အင်းပတ်ရွာဆိုရင် ရွာထဲထိဝင်ရှို့သွားတာဗျ”ဟု ၎င်းကပြောသည်။

လတ်တလောတွင် အင်းပတ်၊ သရက်ကန် ၊အင်းတိုင်းလေး ကျေးရွာများတွင် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ယင်းကျေးရွာမှ ပြည်သူ လေးထောင်ကျော် တောထဲထွက်ပြေးတိန်းရှောင်နေရဆဲဖြစ်ကြောင်းသိရသည်။

ခင်ဦးမြို့နယ်အတွင်းတွင် လွန်ခဲ့သည့်တစ်ပတ်အတွင်း၌ လူနေအိမ် ၃၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။

 

Show More

Related Articles

Back to top button