တိုက်ပွဲသတင်း

မြောင် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ကျော် ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ယမန်နေ့ မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း မြောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သိရသည်။

မြောင်မြို့နယ်သို့ အင်အား ၁၂၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့ ၃၈ ဖွဲ့တို့ပူးပေါင်းကာ နံနက် လေးနာရီအချိန်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဆယ်ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNGသတင်းဌာနသို့ ပြောသည်။

“မနက်လေးနာရီလောက်ကတည်းက စစ်ကောင်စီတပ်တွေရဲ့လမ်းကြောင်းတွေကို ခြုံခိုတိုက်ခိုက်ခဲ့တာပါဗျ တိုက်ပွဲဖြစ်တဲ့နေရာတွေကိုပြောရရင်တော့ ကျွန်တော်တို့ မဟာမိတ်တွေ စည်းစည်းလုံးလုံးနဲ့မြောင် နယ်တစ်နယ်လုံး စစ်ကြောင်းသုံးကြောင်း နဲ့တိုက်စစ်ဆင်တိုက်ခိုက်ခဲ့တာပါဗျ။ စစ်ကောင်စီတပ်သား တွေက သေဆုံးတာ သုံးဆယ်ကျော် လေးဆယ်ကြားမှာ ရှိတယ်ဗျ” ဟုမြောင် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်း တိုက်ပွဲမှာ နေ့လယ် ၁၁ နာရီ သုံးဆယ်မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အကျအဆုံး မရှိခဲ့သော်လည်း တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဘက်ကမနေ့ကတိုက်ပွဲတွေမှာ ကျဆုံးတာတော့မရှိပါဘူး။ ဒဏ်ရာရတာနှစ်ယောက်တော့ ရှိတယ် အဲ့နှစ်ယောက်က တူမီးယမ်းစင်ပြီး နဖူးကွဲဒဏ်ရာရထားတာပါ” ဟု မြောင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

တိုက်ပွဲအပြီး အောင်ပွဲနှင့်ပြန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို မြောင်နယ်ရှိကျေးရွာကိုး ရွာမှ ပြည်သူများက အောင်သပြေပန်းများနှင့် ညောင်ရေ ၊ အချိုရည်များဖြင့်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ယမန်နေ့တွင် အထိနာခဲ့သည့် ယင်းစစ်ကောင်စီစစ်ကြောင်းက ယနေ့တွင် မြောင်နယ်ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ အကြမ်းဖက်သောင်းကျန်နေ ပြီး ကျေးရွာ နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

Show More

Related Articles

Back to top button