သတင်း

ဖားကန့်တွင် ကျောက်ယမ်းခွဲရာမှ မြေပြိုမှု ဖြစ် အမျိုးသားနှစ်ဦးသေဆုံးပြီးလေးဦး ဒဏ်ရာရ

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မော်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်နေရာ ကျောက်ယမ်းခွဲရာမှ မြေမြိုမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး မြေစာပိ သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မတ် ၆ ရက်နေ့ နံနက် ၇နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး နမ့်မော်ရှိ ရတနာဆန်းရွှင် ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ကျောက်ယမ်းခွဲရာမှ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် အမျိုးသားနှစ်ဦး သေဆုံးမြေစာပုံပိသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဖြစ်စဉ်သိသူအမျိုးသား တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“ဘေးပတ်ပတ်လည်မှာ တစ်နိုင်တစ်ပိုင်စက် ယန္တရားတွေနဲ့လုပ်တာရှိတယ် အဲ့ဒါတွေက ယမ်းခွဲတော့မြေစာတွေကလှန်ပြီး တုန်ခါတော့ကျင်းထဲကိုမြေစာတွေကျပြီးမြေပြိုမှုဖြစ်သွားတာဗျ နှစ်ယောက်ကတော့ပါသွားတယ်တစ်ယောက်က ဆေးရုံမှာ”ဟု ယင်းအမျိုးသားကပြောသည်။

သေဆုံးသွားသည့်အမျိုးသားနှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူလေးဦးတို့မှာ လက်လုပ် လက်စား လုပ်ကိုင်နေသူများ ဖြစ်ကြပြီး ဒဏ်ရာရ လေးဦးအနက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသိရသည်။

“လေးယောက်ထဲကတစ်ယောက်ကတော့ ဆေးရုံတင်ရတယ်ဖားကန့်ဆေးရုံမှာပါ။ သုံးယောက်ကတော့ ပွန်းပဲ့ဒဏ်ရာသိပ်မရှိဘူး နေအိမ်မှာပဲနားနေပါတယ်”ဟု သွားရောက်ကူညီပေးခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် အမျိူးသားနှစ်ဦး၏ ရုပ်အလောင်းသည် ကုမ္ပဏီဘတ်ဟိုး ယာဉ်များဖြင့် တူးဖော်ရှာဖွေနေဆဲဖြစ်ပြီး နေ့လည် ၁၂နာရီခွဲအချိန်ထိ ရုပ်အလောင်းမတွေ့သေးကြောင်း သိရသည်။

ဖားကန့် ကျောက်စိမ်းမော် ဒေသရှိကျောက်စိမ်းရိုင်းတုံးတူးဖော်ထုတ်ခွင့်ကို တားမြစ်ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီက ဧပြီ ၁ ရက်နေ့တွင် စာထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင်ယနေ့ထိ စက်ယန္တရားကြီးများနှင့် တစ်နိုင်တစ်ပိုင်တူးဖော်နေသူများ သောင်းဂဏန်းခန့်ရှိကြောင်းသိရသည်။

ယခုမြေပြိုမှုဖြစ်သည့် ဆန်းရွှင်ကုမ္ပလုပ်ကွက်နေရာတွင် ၂၀၂၁ မတ်လ ၁၅ ရက်နေ့ကလည်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူ ၂၀ ဦးခန့်မြေစာပုံအတွင်းပျောက်ဆုံးခဲ့သည်။

Show More

Related Articles

Back to top button