သတင်း

မချမ်းဘောမြို့နယ်တွင် မုန်တိုင်းကြောင့် နေအိမ်အများအပြား ပျက်စီးသွား

ပူတာအိုခရိုင် မချမ်းဘောမြို့နယ် နမ့်ဘူယန်ကျေးရွာတွင် မေလ ၇ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် ပြင်းထန်သော လေမုန်တိုင်း တိုက်ခိုက်ခံရသောကြောင့် ဒေသခံပြည်သူများ၏ လူနေအိမ်များ တစ်စစီ ပျက်စီးသွားသဖြင့် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

နမ့်ဘူယန် ကျေးရွာတွင် လေမုန်တိုင်းတိုက်ခတ်ခံရသဖြင့် လူနေအိမ် ၅ လုံး ထက်မနည်း နှင့် ဘုရားကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးသွားပြီး သစ်ပင်ကြီးများ ပျက်ကျမှုကြောင့် သွားလာရေးလမ်းပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရကြောင်း နမ့်ဘူယန်ဒေခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အိမ်တစ်လုံးက လုံးဝအပြောင်ပါသွားတယ်။ တစ်အိမ်ကတော့ အပင်ကျပြီး တော်တော်ထိသွားတယ်။ နောက် KBC ဘုရားကျောင်းဆောင်ရဲ့ ခေါင်မိုးတစ်ခြမ်းလည်းပါသွားတယ်။ ဆိုးဆိုးရွားရွာဖြစ်တာက ၅အိမ်လောက်ရှိမယ်ထင်တယ်။ တစ်ခြား နည်းနည်းစီထိတာလည်းရှိသေးတယ်။ ပြီးရင် သစ်ပင်အကြီး ၂ပင် ပျက်ကျလို့ လမ်းပိတ်သွားတာတွေလည်း ရှိတယ်” ဟု ပြောဆိုသည်။

ယခုလို ပြင်းထန်သော လေမုန်တိုင်းတိုက်ခတ်ခံရသည့် ဒဏ်ကိုကြုံတွေ့ခဲ့ရသော ဒေသခံပြည်သူများတစ်ချို့မှာ လက်ရှိတွင် လူနေအိမ်များကို ပြန်လည်ပြင်ဆင်ယူနိုင်ရန်အတွက် ကူညီထေက်ပံ့မှုများလိုအပ်နေကြောင်း သူက ဆက်လက်တောင်းဆိုထားပါသည်။

“အိမ်ပျက်စီးတဲ့ မိသားတွေက နေအိမ်ကို ပြန်ပြုပြင်ဖို့အတွက် အကူညီတွေလိုအပ်တယ်။ ဘာလို့လဲဆိုတော့ အမိုးသွပ်ပြားတစ်ခုက အရင်တုန်းကဆို ၅ ထောင်လောက်ပဲ ပေးဝယ်ရတယ်။ အခုဆို သောင်းဂဏန်းကျော်ရှိတယ်။ အဲ့ကြောင့် ကူညီပေးစေချင်ရင်တော့ သွပ်ပြားဖိုးတွေပေါ့။ ငွေကြေးကူညီပေးရင် ကျနော်တို့အတွက်ပိုပြီး အဆင်ပြေပါတယ်” ဟု ပြောဆိုသည်။

ပြင်းထန်သော လေမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားမှုများရှိခဲ့သော်လည်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိခဲ့ကြောင်း ဆက်လက်သိရပါသည်။

အဆိုပါ နမ့်ဘူယန်ကျေးရွာတွင် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုတွင်လည်း ပြင်ထန်သော လေမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများကြုံတွေ့ခဲ့ရပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရပါသည်။

ပူတာအိုဒေသ မချမ်းဘော၊ နောင်မွန်နှင့်ခေါင်လံဖူး စသော နေရာဒေသဘက်တွင် ပြီးခဲ့သောအပတ် မေလ ၃ရက်နေ့အထိ မိုးသည်းထန်းစွာ ရွာသွန်းမှုများရှိခဲ့ကြောင်း သိရသည်။

ယခု မုန်တိုင်းကြုံရသော ဒေသများမှာ ဆက်သွယ်ရေး အင်တာလိုင်းများ မရရှိသောကြောင့် ရာသီဥတုနှင့်ပတ်သက်ပြီး မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များကို သိရှိရန် ခက်ခဲသည်ဟု ဒေသခံများ ပြောပါသည်။

Show More

Related Articles

Back to top button