စစ်ပြေးဒုက္ခသည်များသတင်း

ကလေးမြို့ တောင်ပိုင်း စစ်ရှောင် ၅ သောင်းခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီတွေလိုအပ်နေ

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းတွင် စစ်ဘေးရှောင် ၅ သောင်းနီးပါးအထိ တိုးလာသောကြောင့် ၎င်းတို့အတွက် အစားအသောက်နှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဧပြီလ မတိုင်မှီတွင် စစ်ဘေးရှောင် ဦးရေ တစ်သောင်းကျော် ဝန်းကျင်ခန့်သာ ရှိ‌သော်လည်း ဧပြီလ ၂၀ ရက်‌ နောက်ပိုင်း စစ်ကောင်စီမှ ထိုးစစ်ပြင်းပြင်းထန်ထန် ပြုလုပ်လာခြင်းနှင့် ကျေးရွာများကို မီးရှို့ခဲ့သောကြောင့် လူဦးရေ တိုးလာခြင်းဖြစ်သည်ဟု စစ်ပြေးဒုက္ခသည် ၅ သောင်းနီးပါး အထိတိုးလာခြင်းဖြစ်သည်ဟု သိရသည်။

“နတ်ချောင်းဆိုရင်လည်း ရွာလုံးပြေးကြရတာ အဲ့မှာ အိမ်ခြေနှစ်ထောင်ကျော်ရှိတယ်။ တစ်အိမ် ကိုငါး ယောက်နှုန်းနဲ့ပဲ တွက်ခန့်မှန်တွက်ကြည့်တာ လူဦးရေတစ်သောင်းကျော်လောက်စစ်ရှောင်နေရတယ်။ အဲ့လိုနှုန်းနဲ့တွက်ကြည့်တဲ့အခါ လေးသောင်းခွဲ ငါးသောင်းနဲ့ငါးသောင်းကြားလောက် စစ်ရှောင်နေရတယ်။ အခုမှစပြီးတိုက်ပွဲရှောင်လာတဲ့ သူတွေအတွက် ဆန်တွေလိုတယ်ဗျ။ ပြီးရင်တခြားအခြေခံစားသောက်စရာတွေလိုအပ်နေတယ်ဗျ။” ဟု ဒေသခံ တစ်ဦးက KNG ကို ပြောသည်။

ဧပြီလ ၂၇ ရက်နေ့မှ စတင်ပြီး အရှေ့စည်းကျေးရာ၊ နတ်ချောင်း၊ ရှားဖို၊ ချောင်းခွ၊ရေရှင်၊ ဒိုးနွယ်၊ တင်သား နှင့် အနီးဝန်းကျင် ကျေးရွာများတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အိမ်ခြေတစ်ထောင်ကျော် ရှိသည့် အရှေ့စည်းကျေးရွာ၊ အိမ်ခြေနှစ်ထောင်ကျော်ရှိသည့် နတ်ချောင်းရွာနဲ့ အခြားကျေးရွာများ ကိုရွာလုံးကျွတ်နီးပါးမီးတင်ရှို့ခဲ့ပြီး လတ်တလောတွင် ယင်းအိုးမဲ့အိမ်မဲ့ဖြစ်နေသည့်ပြည်သူများအတွက် စားသောက်ဖွယ်ရာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းများအခက်အခဲဖြစ်နေကြောင်း ကလေးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“အဲ့ဒီရွာတွေက မြစ်သာြမစ်ရဲ့အနောက်ဘက်ကမ်း က ကလေး-ကန့်ဂေါ်ကြားထဲမှာရှိတဲ့ရွာတွေဖြစ်တယ်။ တချို့က မြစ်ကိုကူးပြီး ရှောင်ကြတယ်။ တချို့ကတော့ နီးစပ်ရာလုံခြုံတယ်ထင်တဲ့နေရာမှာတွေရှောင်ကြတယ် အဓိက ကတော့စားနပ်ရိက္ခာ ပေါ့နော် နေရာတွေလည်းလိုအပ်တယ်။ လောလောဆယ် စားရေးသောက်ရေး တွေလိုအပ်တယ် ပြီးတော့ အခုက မိုးကကျပြီလေမိုးရွာပြီဆိုတော့ နေဖို့ထိုင်ဖို့ မိုးကာတွေလိုမယ် ဆေးတွေလိုမယ် ကလေးနဲ့သက်ကြီးရွယ်အိုတွေ အတွက်တော့ ခက်ခဲတယ်ဗျ” ဟု ကလေးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ပြေးဒုက္ခသည်များသည် သန့်ရှင်းသည့် သောက်သုံးရေမရရှိမှုနှင့် ရာသီဉတုအခြေအနေကြောင့် ဝမ်းပျက်ဝမ်းရှောနှင့် တခြားကျန်းမာရေးဝေဒနာခံစား နေရသူရာချီရှိနေပြီး ၎င်းတို့အတွက် ထိရောက်သည့် ဆေးဝါးကုသမှု ပေးနိုင်ရန် ဆေးဝါးအထူးလိုအပ်နေကြောင်း အဆိုပါ စစ်ပြေးဒုက္ခသည်များကို ဆေးဝါးကုသပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် People Healthcare Network(KALAY) အဖွဲ့မှ တာဝန်ခံ ဆရာဝန်က ခုလိုပြောသည်။

“မနေ့ကဆိုလို့ရှိရင် လူနာစုစုပေါင်းတစ်ရာကျော်လောက်ရှိတယ်။ အဲ့ဒီထဲမှာ ဝမ်းပျက် ဝမ်းရှောက သုံးပုံတစ်ပုံလောက်ပါတယ်ဗျ။ အဓိကတော့ နေရတာနဲ့သောက်သုံးရေအဆင်မပြေလို့ဖြစ်တာ လူကြီး ရော ကလေးရောအားလုံးဖြစ်နေတာအခုက တခြားကတော့မိုးရွာတော့ ဖျားကြတယ် နာစေးချောင်းဆိုးကြတယ်။ အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေလည်း သုံးပုံတစ်ပုံလောက်ရှိတယ်” ဟု ယင်းဆရာဝန်ကပြောသည်။

လတ်တလောတွင် ကျန်းမာရေးချို့တဲ့သည့် စစ်ရှောင်ပြည်သူများပြားနေသည့်အတွက် People Healthcare Network(KALAY) အဖွဲ့အနေဖြင့် ဆေးဝါးကုသပေးရွာတွင် ဆေးဝါးပြတ်လပ်မှု များလည်း ကြုံတွေ့နေရပြီး ဆေးဝါးအကူအညီများအရေးပေါ်လိုအပ်နေကြောင်းလည်းသူကဆက်ပြောသည်။

အဆိုပါ စစ်ရှောင်ငါးသောင်းကျော်သည် လတ်တလော နီးစပ်ရာဆွေမျိုးများရှိသည့် ကျေးရွာများ၊ ကျေးရွာဘုန်းကြီးကျောင်းများ၊ လယ်ခင်းယာခင်းတဲများ၊ လုံခြုံစိတ်ချရသည့် တောတောင်များတွင် တိန်းရှောင်နေရပြီး ယင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများကူညီလှူဒါန်းလိုပါက နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ လူငယ်များနှင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် ဆက်သွယ် လျှူဒါန်းနိုင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button