သတင်း

အင်းတော်မြို့နယ်တွင် CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦး အထိရှိလာ

ကချင် စစ်ကိုင်းတိုင်း နယ်စပ် အင်းတော်မြို့နယ်တွင် CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအထိရှိလာပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီစစ်သားလည်း အများအပြားရှိနေကြောင်း အင်းတော်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။
 
အဆိုပါ CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ မော်လူးရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် အင်းတော်မြို့နယ် မဲဇာစံပြကျေးရွာ ရဲစခန်းမှစခန်းမှူးအပါ ရဲတပ်သားနှစ်ဦး စုစုပေါင်း လေးဦးအထိရှိပြီဖြစ်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက KNG သတင်းဌာနသို့ ပြောသည်။
 
“ပထမဦးဆုံးတစ်ယောက်ကတော့ ဘာလက်နက်မှ မပါလာဘူ။ တရားဝင်ကြေ ငြာပြီးမှ ဝင်လာတာ နောက်ဆုံးမှ ဝင်လာတဲ့ သုံးယောက်ကတော့ လက်နက်တွေနဲ့ထွက်ပြေးတာ သူတို့ကားတွေလည်းပါ လာတယ်။” ဟု ၎င်းကပြောသည်။
 
ပထမဦးဆုံး CDM ပြုလုပ်လာသည့် မော်လူးရဲစခန်းမှ တစ်ဦးမှာ စစ်တပ်အာဏာသိမ်းကာစ CDM ပြုလုပ်လာခဲ့ပြီး နောက်ထပ်သုံးဦးမှာ လွန်ခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်လာကြောင်း သိရသည်။
 
ဧပြီ ၃၀ ရက်နေ့တွင် CDM ဝင်လာသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးသည် G3 နှစ်လက်၊ Uzi ထုတ်သေနတ်တစ်လက်၊ လက်ပစ်ဗုံးလေးလုံး၊ 7.62 ကျည် ၁၂၆၂ တောင့် ၉မမ ကျည် ၁၈၁ ထောင့် နှင့် အခြားရဲအသုံးအဆောင်လက်နက်အချို့တို့ဖြင့်ဝင်ရောက်လာကြောင်း သိရသည်။
 
အလားတူ အင်းတော်မြို့နယ်အတွင်းတွင် စစ်ကောာင်စီတပ်သားထွက်ပြေးမှုလည်း မကြာခဏရှိနေကြောင်း အင်းတော်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
 
“နောက်ပြီးဒီအင်းတော်ဘက်မှာ ထွက်ပြေးသွားတဲ့စစ်သားတွေလည်းအများကြီးရှိတယ် ဟိုတစ်နေ့ အင်းတော်မှာ မိုင်းမဆွဲခင်အလိုတုန်းကဆိုရင် ပိန္နဲ ကုန်းရွာမှ တပ်စွဲထားတဲ့ စစ်သားတွေထဲက လေးယောက် ထွက်ပြေးသွားတယ် ဘယ်သူတွေထွက်ပြေးတယ်ဆိုတာကိုတော့ စုံစမ်းနေဆဲပဲ ပြေးသွားတာကတော့ သေချာတယ် အဲ့လိုမျိုးပြေးတာတွေက ခဏခဏ ကြားနေရတယ်ဗျ ဒီအင်းတော်နယ်မှာက အရင်လတွေကလည်း ထွက်ပြေးတာရှိတယ်” ဟု သူကပြောသည်။
 
အင်းတော်မြို့နယ်တွင် စစ်တပ် အာဏာသိမ်းသည့်အချိန်မှ ယနေ့အချိန်ထိ CDM ဝင်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်း ၁၄၀၀၀ နီးပါး အထိရှိပြီဖြစ်ပြီး ယင်းတွင် CDM အများဆုံး ဝင်လာသည့် ပညာရေး ၁၀၀၀ ကျော်၊ ကျန်းမာရေးဝန်ထမ်း ၁၀၀ဦး နီးပါး နှင့် မီးရထားဝန်ထမ်း တစ်ရာကျော်ပါဝင်ပြီး အခြားဌာနဆိုင်ရာဝန်ထမ်းများလည်းပါဝင်ကြောင်း သိရသည်။
Show More

Related Articles

Back to top button