မြောင် အခြေခံပညာကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပညာရေးဝန်ကြီးဌာန လမ်းညွန်ချက်ဖြင့် ဖွင့်လှစ်ထားသော မြောင်အခြေခံပညာစာသင်ကျောင်းများပြန်လည် ဖွင့်လှစ်ထားပြီး ယင်းစာသင်ကျောင်းများအတွက် သင်ထောက်ကူပစ္စည်း၊ Marker pen များ အရေးပါ်လိုအပ်နေကြောင်း မြောင်ပညာရေးကွန်ရက်မှ သိရသည်။
“ကျောင်းသူ ကျောင်းသားတွေအတွက် စာအုပ် ဘောပင်လေးတွေ လိုအပ်တဲ့ ကျောင်းလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် အရမ်းအများကြီးတော့မဟုတ်ဘူး ကျောင်းတွေကအဓိက လိုအပ်နေတာက Marker pen တွေလိုနေတယ်။ ဆရာတွေ White Book ရေးတဲ့ Marker pen တွေ အရေးတကြီးလိုနေတာပေါ့။ ကျောင်းတွေတော်တော်များများက white Book သုံးတော့လေ အစကဆိုရင် one use ပဲသုံးတာ တစ်လကို အချောင်းတစ်ရာလောက်ကုန်တယ် အဲ့ကြောင့်အခုက refill တွေသုံးတော့ refill အတွက် မှင်ရည်တွေလည်း လိုတယ်” ၎င်းကပြောသည်။
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား မတ်လ ၂ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေမှုကြောင့် စာသင်ကျောင်းများအား တစ်ပတ်ကျော်ကြာ ပိတ်ထားပြီးနောက် ယမန်နေ့ မတ်လ ၁၀ ရက်နေ့မှစကာ ကျောင်းများကို ပြန်ည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ခံဆရာဖြစ်သူက KNG သတင်းဌာနသို့ ပြောသည်။
“ကျွန်မတို့ မြောင်နယ်ထဲမှာ အခုလောလောဆယ် စစ်ကောင်စီတပ်တွေမရှိတော့ဘူးပေါ့နော်။ သူတို့တွေ မရှိတော့တဲ့အတွက် ကျွန်မတို့အနေနဲ့ အခုလောလောဆယ် စာသင်ဖို့ ပြန်စလိုက်တာပါ ကျောင်းအားလုံး ကျတော့ မိုးတွေရွာတော့ မနေ့ကမဖွင့်လိုက်ဘူး ဒီနေ့ ကတော့ကျောင်းတွေအားလုံးပြန်ဖွင့်နိုင်ပါပြီ ” လို့ မြောင်ပညာရေးကွန်ယက်မှ တာဝန်ခံ ဆရာမက ပြောသည်။
မြောင်နယ်တွင် NUG အောက်အခြေခံပညာရေးကျောင်းပေါင်း ၂၆ ကျောင်းအထိဖွင့်လှစ်နိုင်ပြီး တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ လေးထောင်ကျော်အထိ ရှိရာ လတ်တလောတွင် ယင်းကျောင်းသူကျောင်းသားများအား White Book များဖြင့်သာ စာသင်ပေးနေသည့်အတွက် White Book အသုံးပြုနိုင်ရန်အတွက် Marker pen များဖြင့်သာ သင်ကြားနေပြီး လတ်တလောတွင် ယင်းစာသင်ကျောင်းများအတွက် Marker pen အချောင်း ငါးရာခန့်နှင့် မှင်ရည်များလည်းလိုအပ်နေကြောင်း သူက ဆက်ပြောသည်။
ထို့ကြောင့် စာသင်ကျောင်းများအတွက် Marker penများနှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပစည်းများ ထောက်ပံ့လိုလျှူဒါန်းလိုပါက Myaung Education Network Facebook စာမျက်နှာတွင် ဆက်သွယ်၍ လျှူဒါန်းနိုင်ကြောင်း သိရသည်။
မြောင်မြို့နယ်တွင် ကျေးရွာပေါင်း ၈၆ ကျောင်းရှိသည့်အနက် ကျေးရွာပေါင်း ၂၅ ရွာအတွက် စာသင်ကျောင်း ၂၅ ကျောင်း ဖွင့်လှစ်ထားပြီဖြစ်ပြီး ကျောင်းသားကျောင်းသူ ၄၀၀၀ ကျော်ကို အနီးကပ် သင်ကြားပေးနေကြောင်း သိရသည်။