သတင်း

မြစ်ကြီးနား ဆီဆိုင်အချို့တွင် ဆီကားအဝင်မရှိတော့ဖြင့် ဓာတ်ဆီပြတ်လပ်နိုင်ဖွယ်ရှိ

စစ်ကောင်စီသည် ဆီပန့်အရောင်းဆိုင်များတွင် ဓာတ်ဆီဈေးနှုန်းများကို လျော့ရောင်းခိုင်းနေသည့်အတွက် ဆီပန့်အရောင်းဆိုင်များ အရှုံးပေါ်နေပြီး မေလ ဆန်းပိုင်းမှစကာ ဆီကားအဝင် ရပ်ထားရကြောင်းနဲ့ ယခုအခြေ အနေတိုင်းဆက်သွားမည်ဆိုပါက ဓာတ်ဆီပြတ်လပ်နိုင်ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ဆီပန့်အရောင်းဆိုင်များ မှ စုံစမ်းသိရှိရသည်။

ဆီဆိုင်လုပ်ငန်းရှင်များအနေဖြင့်ဆီကုန်သည်များထံမှ လက်ကားယူ ဝယ်သည့်စျေးသည်များနေပြီး စစ်ကောင်စီမှ ရောင်းချခိုင်းသည့် လက်လီဈေးနှုန်းနည်းနေသည့်အတွက် ဆီပန့်အရောင်းဆိုင်များအရှုံးပေါ်နေသောကြောင့် ဓာတ်ဆီကားအဝင်ကို ရပ်နားထားရ‌ကြောင်း သိရသည်။

“သူတို့က ၂၁၉၀ ကျပ်နဲ့ရောင်းခိုင်းတာ ကျနော်တို့ဝယ်ရတဲ့ဟာက တစ်လီတာကို ၂၃၀၀ လောက်နဲ့ဝယ်ရင် လီတာပဲ အမြတ်စားရတာဗျ။ တစ်ပေပါကို လီတာဘယ်လောက်ဆိုတာဘဲရှိတယ် အဲ့ဒါပဲအမြတ်စားရတာ အဲ့ထက်ကို လျော့ရောင်းခိုင်းတော့ ဘယ်သူ့မှ မရောင်းနိုင်ကြတော့ဘူး‌လေ” ဟု မြစ်ကြီးနားမှ ဆီပန့်အရောင်းဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီက ဓာတ်ဆီဈေးနှုန်းလျော့ရောင်းခိုင်းသည့်အတွက် လတ်တလောမြစ်ကြီးနားမြို့ပေါ်ရှိ ဆီပန့်ဆိုင် ထက်ဝက်ခန့်သည် အရှုံးပေါ်နေသည့်အတွက် ဓာတ်ဆီကားအဝင်ရပ်နားထားသည့်ဆီဆိုင်ထက်ဝက်ခန့်ရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့ကြောင့် ယခုအခြေအနေအတိုင်းဆက်သွားမည်ဆိုပါက ယခုရက်ပိုင်းမြစ်ကြီးနားတွင် ဓာတ်ဆီပြတ်လပ်နိုင်ဖွယ်ရှိကြောင်း ဆီပန့်အရောင်းဆိုင်မှ မန်နေဂျာတစ်ဦးက ထပ်ပြောသည်။

“ဓာတ်ဆီကားတွေက ဝင်ကိုမဝင်တော့‌တာဗျ ကျနော်တို့ဆိုင်မှာလေး နည်းနည်းပဲကျန်တော့တယ်ပဲ လောင်ထားတဲ့ကန်မှာတောင်ကုန်နေပြီ အခုကတော့ရောင်းတာတောင်အကန့်အသတ်နဲ့ပါပဲ ဆီကား မှ မဝင်တော့တာ အခုကပုံးတွေနဲ့တော့မရောင်းပေးတော့ဘူး လက်ကားယူနေကြလူတွေကိုလောက်ပဲ ပုံးနဲ့ ရောင်းပေးတာ နောက်ဆိုဆိုင်တွေပိတ်ရမယ့်အနေအထားရောက်နေပြီ လုံးဝမကိုက်ဘူးလေး ရှူံးတယ်” ဟု ဆီဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။

ဗန်းမော်မြို့ရှိ ဆီပန့်အရောင်းဆိုင်တစ်ခုမှ ဆီဆိုင်မန်နေဂျာတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်

“ဟုတ်တယ် တချို့ကသူတို့ရဲ့ရောင်းခိုင်းတဲ့ ဈေးနဲ့ဆိုရင်မကိုက်ဘူးဗျ တချို့ဆိုင်ကြီးလုပ်ငန်းကြီးတွေ တောင်မှ တစ်ခါတစ်လေကျရင် ဆီပြတ်တယ်ဆိုပြီး လုပ်ထားတာ ဓာတ်ဆီကို ဈေးနှုန်းကိုတော့ဆိုင်း ဘုတ်ကပ်ထားပေမယ့် မရောင်းဘူးဆီကုန်ပြီဆိုပြီးလုပ်ထားတာ မကိုက်ဘူးလေ ဘယ်ကိုက်မလဲရှူံးတာ ပေါ့” ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့ ဓာတ်ဆီ 92 တစ်လီတာ ၂၂၉၅ ကျပ်၊ 95 တစ်လီတာ ၂၃၆၀ ပရီမီယမ် ဒီဇယ် တစ်လီတာ ၂၄၈၀ ကျပ်နှင့် ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၅၀ ကျပ်ရှိကြောင်းသိရသည်။

လက်ရှိတွင် ကချင်တစ်ပြည်နယ်တစ်ပြည်လုံး၌ စက်သုံးဆီအရောင်းဆိုင် လိုင်စင်ရဆိုင်ပေါင်း ၁၅၀ ကျော်ရှိသည့် အနက် မြစ်ကြီးနားမြို့ပေါ်တွင် ဆိုင်ပေါင်း ၃၀ ကျော်ရှိကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်မတိုင်မှီအထိ စက်သုံးဆီများကို လွယ်ဂျယ်နယ်စပ်လမ်းကြောင်းနဲ့ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့ဖြင့် တရုတ်ပြည်မှ တင်သွင်းခဲ့ရာ ပြည်တွင်းစက်သုံးဆီစျေးနှုန်း ယခုထက် ထက်ဝက်ခန့်ဆီစျေးသက်သာခဲ့ပြီး နောက်ပိုင်းတွင် ယင်းလမ်းကြောင်းများကို အစိုးရက ပိတ်ပင်ခဲ့သည့်နောက်ပိုင်း ပြည်တွင်းစက်သုံးဆီစျေး ထိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ကတော့တရုတ်ဘက်ကနေဆီတွေမှောင်ခိုသွင်းတာလေ။ အဲ့တုန်းကတော့ထက်ဝက်လောက်သက်သာတယ် ပြည်သူတွေအတွက်ကတော့ ကောင်းခဲ့တာပေါ့။ ဒါ‌ပေမယ့် မှောင်ခိုဆိုတော့ အခွန်မဆောင်လို့ အစိုးရတာနစ်နာလို့ကားသမားတွေဖမ်းပြီး အဲ့လမ်းကြောင်းကိုပိတ်လိုက်တာ။ အဲ့ဘက်ကဝင်တဲ့ဆီက အခုနဲ့ဆို တစ်ဝက်စျေးလောက်ကွာတယ်”ဟု မြစ်ကြီးနားမြို့ပေါ်က ဆီဆိုင်မှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

Show More

Related Articles

Back to top button