သတင်း

ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာကြရန် မြို့လှ PDF သတိပေး

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြစ်ကြောင်းတစ်လျှာက် ရွှေတူးဖော်နေကြသည့် ရွှေဖောင်များ ၂၄ နာရီအတွင်း ‌ထွက်ခွာကြရန် မြို့လှ PDF မှ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင် သတိ ထုတ်ပြန်ထားသည်။

“ဒေသခံတွေက ဒီကိစ္စကဘက်ကနေ ကျနော်တို့ကို ဖြေရှင်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်။ အဲကြောင့် ကျနော်တို့ဘက်ကလည်း ရွှေဖောင်တွေကို ထွက်ခွာဖို့ ၂၄ နာရီအချိန်ပေးထားတယ်။ မထွက်ခွာဘူးဆိုရင်တော့ ကျနော်တို့ထုတ်ပြန်ချက်ကအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု မြို့လှတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေတူးဖော်နေသူများကို မြို့လှ PDF အနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်‌နေ့တွင် တစ်ကြိမ်သတိပေး တားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ မြစ်အောက်ကြမ်းပြင် တိမ်လာသည့်အတွက် ဆက်လက်တူးဖော်နေကြောင်း ပြောသည်။

ထို့ကြောင့် ရွှေကူဒေသတွင် ရေစီးကြောင်းလမ်းကြောင်းပြောင်းလာခြင်း၊ မြစ်ကမ်းပါးပြိုခြင်းအစရှိသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမူများစွာ ရှိလာနိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။

ဗန်းမော်၊ ရွှေကူမြစ်ကြောင်းတစ်လျှောက် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစကာ ရွှေတူးဖော်နေကြခြင်းဖြစ်သည်။

ထို့ကြောင့် မြို့လှ PDF မှလည်း ဒေသခံများ၏ တောင်းဆိုမူအရ ရွှေဖောင်များကို ၂၄နာရီအတွင်းထွက်ခွာရန် သတိပေးထုတ်ပြန်ထားသည်။

ယင်းသတိပေးချက်တွင် ” မြို့လှ KPDF ပြည်သူ့ကာကွယ်ရေး တပ်နယ်အတွင်းရှိ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ရိုးတစ်လျှောက် လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များသည် သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာ ထိခိုက်ဖျက်စီးလျက်ရှိသည်ကို ဒေသခံပြည်သူများမှ စိုးရိမ်တကြီးတင်ပြအကူအညီ တောင်းခံလာခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ မြို့လှ KPDF ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို အမှန်တကယ် ခံစားနားလည်မှုနှင့်အညီ ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှုလျက် ဤကဲ့သို့ ဧရာဝတီမြစ်အတွင်း လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များအား အမြန်ဆုံး ရုပ်သိမ်းပေးနိုင်ရန် ဦးစွာအသိပေး တောင်းဆိုမှုပြုသည်။

ထို့ကြောင့် ရွှေဖောင်များအား ဤသတိပေးထုတ်ပြန်ချက် ထုတ်ပြန်မှုအပြီး (၂၄)နာရီအတွင်း ရွှေကူမြို့နယ်၊ မြို့လှ KPDF ပြည်သူ့ကာကွယ်ရေးတပ်နယ်အတွင်းမှ အပြီးတိုင် ထွက်ခွာပေးရန် သတိပေးလိုက်သည်။

ဤသတိပေးထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုမရှိပါက ရွှေဖောင်လုပ်ဆောင်နေသူများကို သဘာဝပတ်ဝန်းကျင်ဖျက်ဆီးနေသူများ၊ အများပြည်သူ၏အကျိုးစီးပွားကို ဆုတ်ယုတ်စေသူများအနေဖြင့် သတ်မှတ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း အလေးအနက်ထား အသိပေးလိုက်သည်။” ဟု ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button