သတင်း

မိုင်းပေါက်ကွဲမှုကြောင့် သားမိနှစ်ဦး ထိခိုက်ဒဏ်ရာ ရ၊ မပေါက်ကွဲသေးသည့် မိုင်း ၃ လုံးကြောင့် ဒေသခံများ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ နန်မီးလောင်ကျေးရွာတွင် ယမန်နေ့ မိုင်းပေါက်ကွဲမှုကြောင့် သားမိနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်း ၃ လုံးကျန်ရှိနေသေးသောကြောင့် ဒေသခံများ စိုးရိမ်နေရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မတ် ၁၆ ရက်နေ့ နံနက် ၈နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး နန်မီးလောင်ကျေးရွာနဲ့ လေးဖာလုံခန့်အကွာတွင်ရှိသည့် နတ်ကြီးကုန်းတွင် ထောင်ထားသည့် မိုင်းတစ်လုံးကို ခွေး နင်းမိရာမှ ပေါက်ကွဲပြီး လယ်တောသွားသည့် နန်မီးလောင်ကျေးရွာမှ သားမိနှစ်ဦးမိုင်းဆ ထိမှန်ခဲ့ရာ သမီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ယင်းသားမိနှစ်ဦး၏ ဆွေမျိုးတော်စပ်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“ထောင်မိုင်းပဲ ဖြစ်ဖို့များတယ် ရွာနားက နတ်ကြီးစင်ကုန်းနားမှာ လမ်းဘေးတော့အရမ်းကြီးမကျဘူး နည်းနည်း ချောင်မှာ ခွေးနင်းမိတာ ခွေးကနင်းမိတော့ ပေါက်ပြီးမိုင်းစတွေလာစင်တာ အမေဖြစ်သူက နည်းနည်းပဲထိတယ် သမီးဖြစ်တဲ့သူက နည်းနည်းများသွားတယ် ပေါက်အောက်ခြမ်းဘက်တွေ ထိသွားတယ်ပြီးတော့ တစ်ဘက်ခြမ်းက ဓာတ်လိုက်ထားသလိုမျိုးထုံနေတာတဲ့“ ဟု ဆွေမျိုးတော်စပ်သူအမျိုးသမီးတစ်ဦးကပြောသည်။

မိုင်းထိမှန်သည့် သားမိနှစ်ဦးတွင် အမေဖြစ်သူမှာ အသက် ၅၀ ကျော်နှင့် သမီးဖြစ်သူမှာ အသက် ၁၅ နှစ်ကျော်သာ ရှိသေးပြီး လတ်တလောလွဲမွန်းကျေးရွာရှိ ကုတင် ၁၀၀ ဆံ့တိုက်နယ် ဆေးရုံတွင်ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

လတ်တလော ယင်းမိုင်းပေါက်ကွဲသည့်နေရာနှင့် အနီးဝန်းကျင်တွင် မပေါက်ပွဲသေးသည့် မိုင်းသုံးလုံးကျန် ရှိနေသေးပြီး စစ်တပ်ကို အကြောင်းကြားထားသော်လည်း လာမဖြုတ်သေးသည့်အတွက် ဒေသခံများက စိုးရိမ်နေရ ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အခုက တောထဲမှာလည်းမသွားရဲကြတော့ဘူး ကျန်ထားသေးတယ်တဲ့မခွာရသေးတဲ့ဟာ နှစ်လုံး သုံးလုံးလောက် ရှိသေးတယ်။ မြင်နေရတယ်တဲ့ မပေါက်ကွဲသေးဘူး။ အခုက လယ်လုပ်တဲ့ရာသီလယ်တော လည်းမသွားရဲကြတော့ဘူး အခုပေါက်ကွဲတဲ့လမ်းက အသုံးများတဲ့လူသွားလူလာများတဲ့လမ်းဟုတ်တယ်။ အခင်သွား ခြံသွား လယ်တောသွား အကုန်လုံးအဲ့လမ်းပဲ သွားကြတာ“ ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

နန်မီးလောင်ကျေးရွာတွင် စစ်ကောင်စီတပ်ထိုင်ထားခြင်းမရှိသော်လည်း နန်မီးလောင်နဲ့ လေးမိုင်ခန့် အကွာတွင်ရှိသည့် လုံးတုံနဲ့ညောင်ပင်ကျေးရွာတွင်ထိုင်ထားသည့်တပ်မှ ယခုရက်ပိုင်း စစ်ရေးလှုပ်ရှားမှုမျာရှိနေပြီး ယင်းထောင်မိုင်းသည် မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ကို ကျေးရွာနေပြည်သူများက အသေးစိတ်မသိရှိကြကြောင်း သိရသည်။

Show More

Related Articles

Back to top button