သတင်း

စစ်ကောင်စီ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကားအချို့ ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ဟူနောင်နှင့် ရှုခင်းသာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ကား ၃ စီး ပျက်စီးပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၆ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် ကွတ်ခိုင်မြို့အကျော် ဟူနောင်ရွာအထက်တွင် မူဆယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီ ကား ၄ စီးကို KIA တပ်မဟာ ၄ ၊ တပ်ရင်း ၈ မှ ကြားဖြတ်စောင့်ကြို တိုက်ခိုက်ခဲ့ရာ ကား ၃ စီးခန့် ပျက်စီးသွားကြောင်း ဒေသခံတစ်ဦး ပြောသည်။

“ဟုတ်တယ် ရွာထဲဘက်ထိခိုက်တာမျိုးတော့ မရှိဘူး ရှုခင်းသာနဲ့ ဟူနောင်ရွာကြားမှာ ည ၁၁ နာရီခွဲ ဝန်းကျင်လောက်ကစ ဖြစ်တာ။ ဘယ်ချိန်ထိ ပစ်တာတော့ ‌အချိန်တိကျ‌တော့ သတိမထားလိုက်မိဘူး။ လက်နက်ကြီးလည်း ပစ်တာပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA ဘက်က ပစ်ခတ်မှု မိနစ်အနည်းငယ်သာကြာသော်လည်း စစ်ကောင်စီဘက်မှ ရမ်းသမ်း ပစ်ခတ်နေခဲ့ကြောင်း သိရသည်။

“ကားတွေတော့ ထိတယ် စစ်တပ်ဘက်က ထိလို့ထားခဲ့တာက ၂ စီး။ ၁ စီးက စစ်ကား ၊ ၁ စီးကအရပ်ကား အရပ်ကားက သူတို့ မောင်းတာလေ။ အရပ်ကားလည်း သူတို့စစ်သားနဲ့သူတို့ပစ္စည်းတွေတင်လာတာ။ အရပ်ကားက ၁၂ ဘီးကား ဟုတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသောတပ်မှာ တပ်မ ၉၉ နဲ့ ၇၇ ဟု ယူဆရပြီး လက်ရှိချိန်ထိ ကား လာသယ်ယူခြင်း မရှိသေးကြောင်း ၎င်းက ဆက်‌ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် ယခု ရက်ပိုင်းအတွင်း KIA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။

Show More

Related Articles

Back to top button