သတင်း

ဗန်းမော်မြို့ ရပ်ကွက်အချို့တွင် မီတာဘောက် လိုက်လံဖြုတ်သိမ်းနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရပ်ကွက်အချို့တွင် မီတာခ မပေးဆောင်သည့် နေအိမ်များမှ မီတာ ဘောက်များကို လျှပ်စစ်ရုံးဝန်ထမ်းများနှင့် ရဲများပူးပေါင်းကာ ယမန်‌နေ့နံနက်ပိုင်းမှ စတင်ကာ လိုက်လံ ဖြုတ်သိမ်းနေကြောင်း ဒေသခံများမှ သိရှိရသည်။

ဗန်းမော်မြို့တွင် မေလ ၉ ရက်နေ့မှစကာ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများသို့ မီခပေးဆောင်ရန်နှင့် ပေးဆောင်ခြင်း မပြုသည့်နေအိမ်များအား မီ‌တာဘောက်များဖြုတ်သိမ်းကာ တရားစွဲဆိုသွားမည်ဟူသည့် သတိပေး ခြိမ်းခြောက်စာများအား EPC လျှပ်စစ်ဝန်ထမ်းများမှ လိုက်လံပေးဝေ ထားပြီးနောက် ယမန်‌နေ့ နံနက်ပိုင်းမှစကာ မီတာဘောက်များ စတင်ဖြုတ်နေကြောင်း သိရသည်။

“မနေ့ကမနက်ပိုင်း ခွန်တာရပ်ကွက်မှာ EPC ရုံးကဝန်ထမ်းတွေနဲ့ရဲတွေ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ဖြုတ်သွားတယ်”လို့ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ မီတာဘောက်လိုက်ဖြုတ်ရာတွင် EPC ဝန်ထမ်းအပါအဝင် ရဲအင်အား စုစုပေါင်း ၅၀ ခန့်ပါဝင်ကာ ခွန်သာရပ်ကွက်တွင် နေအိမ် ၁၀ လုံးခန့်မှ မီတာဘောက် ဖြုတ်သိမ်းသွားကြောင်း သိရသည်။

မီတာဘောက် လိုက်လံဖြုတ်သိမ်းသည့်အတွက် ယမန်နေ့နှင့် ယနေ့ မီတာခသွားရောက်ဆောင်နေသူများလည်း ရှိနေကြောင်း သိရသည်။

“ဒီနေ့တော့ မကြားမိသေးဘူး မနေ့က မီတာဘောက်လိုက်ဖြုတ်ကြတော့ မနေ့နဲ့ဒီနေ့ လျှပ်စစ်ရုံးမှာ မီတာခ သွားဆောင်တဲ့သူတွေ များလာတယ်။ ကျနော်တို့ကတော့ စဉ်းစားနေတုန်းဘဲ မဆောင်ရသေးဘူး” လို့ ‌ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ လျှပ်စစ်ရုံး မှ လိုက်လံပေးထားသည့် မီတာကြေးခသည် ပြီးခဲ့သည့် ၂၀၂၁ ဇန်နဝါရီလမှစကာ ၂၀၂၂ ခုနှစ် ဧပြီလအထိဖြစ်သောကြောင့် တစ်အိမ်လျှင် အနည်းဆုံး ၂ သိန်းဝန်းကျင်ခန့်ရှိ‌ကြောင်း သိရသည်။

“ခုဟာက အရင်နှစ်‌ကရော ဒီနှစ် ၄ လပိုင်းအထိဆိုတော့ ငွေပမာဏက တော်တော်များတယ်။ ခုချိန်မှာ အားလုံးကလည်း ခက်နေတယ်လေ မဆောင်နိုင်လည်း မီတာဘောက်လိုက်ဖြုတ်နေတော့ ကြောက်ပြီး သွားဆောင်နေကြပြီ” လို့ ခွန်သာရပ်ကွက်မှ ပြည်သူ တစ်ဦးက ပြောသည်။

ဗန်းမော်မြို့အပြင် မိုးမောက်မြို့နယ်ဘက်တွင်လည်း မီတာကြေးပေးဆောင်ရန် လျှပ်စစ်ရုံးမှ မီတာကြေးတောင်းသည့်စာများ လိုက်ဝေထားကြောင်း သိရသည်။

Show More

Related Articles

Back to top button