သတင်း

ဝှေခါကျေးရွာနှင့် ဆိုင်းတောင်ရွာဟောင်းအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ဝှေခါကျေးရွာနှင့်ဆိုင်းတောင်ရွာဟောင်းအကြား ယနေ့နံနက်ပိုင်း ၅နာရီဝန်းကျင်မှစကာပစ်ခတ်မှုဖြစ်ပွားခဲ့ဒေသခံများထံမှ သိရသည်။
” ဒီမနက် ၅နာရီလောက်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေ အဆက်မပြတ်ကြားနေရတယ်။ အခြေနေအသေးစိတ်တော့ မသိရသေးဘူး ကျနော်တို့လည်း ကြောက်တော့အိမ်ထဲအိမ်ပြင်ကိုမထွက်ရဲဘူး” ဟု ဝှေခါ ဒေသခံတစ်ဦး ပြောသည်။
ဒေသခံ‌များ၏ပြောဆိုချက်အရ ပစ်ခတ်ချိန် ၂ နာရီဝန်းကျင်ခန့်ကြာခဲ့သည့် အဆိုပါပစ်ခတ်မူသည် စစ်ကောင်စီတပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်နိုင်သည်ဟုပြောဆိုနေကြသော်လည်း KNG သတင်းဌာနအနေဖြင့် ဆက်စုံစမ်းနေဆဲဖြစ်သည်။
ထို့ပြင် ဝှေခါကျေးရွာတွင် မေလ ၂၀ ရက်နေ့ ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲစားနေသည့် ဒုရဲအုပ်မြင့်မြတ်အောင်နှင့် ရဲတပ်သားတစ်ဦး ဖမ်းဆီးခံသွားရပြီးနောက် စစ်ကောင်စီဘက်မှ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမူပိုမိုလုပ်ဆောင်လာသည့်အပြင် ကျေးရွာအဝင်ဂိတ်များတွင်လည်း စစ်ဆေးမူ ပိုမိုတင်းကြပ်လာကြောင်း သိရသည်။
” ကျနော်တို့ကြားရသလောက်တော့ ဝှေခါရွာမှာ ခုရက်ပိုင်း ဒုရဲအုပ်နဲ့ရဲတပ်သားတွေ KIA ဘက်က ဖမ်းလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကိုစစ်ဆေးတာတွေ ပိုကြပ်လာတယ်လို့ကြားတယ်” လို့ ဒေသခံနှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ဖမ်းဆီးခံသွားရသည့် ဒုရဲအုပ်နှင့်ရဲတပ်သားအား ဖမ်းဆီးထားသည့်အဖွဲ့များ အမြန်ဆုံးလွှတ်ပေးပါရန်နှင့် လွှတ်ပေးခြင်းမရှိပါက ပြည်သူများအတွက် ပိုမိုခက်ခဲလာမည်ဟု ခြိမ်းခြောက်မူရှိခဲ့ပြီးနောက် ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် အဆိုပါဒုရဲအုပ်နှင့်ရဲတပ်သား ၂ ဦးပြန်လည်လွှတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးတွင် မေလ ၂၀ရက်နေ့တွင်လည်း KIA နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။
Show More

Related Articles

Back to top button