သတင်း

စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်း ကပ္ပလိပ်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရ စစ်အင်အား ၁၅ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကပ္ပလိပ်ကျေးရွာတံတားအနီးမှ ကသာမြို့အထက်ဘက်သို့ ခြေလျှင်စစ်ကြောင်းဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။
ယနေ့နံနက် ၅ နာရီဝန်းခန့်တွင် ဗိုလ်သာလိကာဦးဆောင်သည့် ဒေသကာကွယ်ရေးတပ်မှ အဆိုပါစစ်ကြောင်းအား မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ၁၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်သေဆုံးနိုင်ကြောင်း ‌သိရသည်။
“သူတို့က ကသာမိဿလင်းရွာဖက်ကနေ အင်အား ၃၀ ခန်နဲ့ မနက်အစောကြီး ခြေလျှင်တက်လာချိန် ကျွန်တော်တို့အဖွဲ့က H-22 ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဆွဲလိုက်တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ပြောသည်။
ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့်အတွက် ထိခိုက်သေဆုံးသူများပြီး သေဆုံးသူနှင့် ဒဏ်ရာရလူနာများအား ဖောကားတစ်စီးဖြင့် ကသာမြို့ဘက်သို့ သယ်ဆောင်သွားခဲ့ကြောင်း ‌၎င်းကဆက်ပြောသည်။
ဒေသရင်းမြစ်မှ ပြောပြချက်အရ အဆိုပါခြေလျင်စစ်ကြောင်းသည် ကပ္ပလိပ်ကျေးရွာမှထွက်ခွာသွားစဉ် အင်အား ၃၀ ခန့်ရှိသော်လည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အင်အား ၁၅ ဦးခန့်သာ ရွာအတွင်းသို့ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
“မိုင်းဆွဲခံရတဲ့စစ်ကြောင်းက ၁၅ ယောက်လောက်က ပြန်ဆုတ်လာပြီ သေတဲ့သူ ဒဏ်ရာရတဲ့သူတွေကိုတော့ကားနဲ့ မြို့ထဲဘက်တင်သွားပြီ။ ဒါပေမယ့် ခုသဘော်ဆိပ်နားမှာ တပ်ဖြန့်ထားတဲ့ဟာ မြို့ထဲပြန်ဝင်ပြီး ခုအထက်ဘက်ကိုတက်နေပြီ” လို့ ရှေ့တန်းသတင်းရင်းမြစ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း သဘော်ဆိပ်အနီးတပ်ဖြန့်ထားသည့် စစ်ကောင်စီစစ် ကြောင်းသည် ကသာမြို့အထက်ပိုင်းသို့ ထပ်မံစစ်ကြောင်းထိုးနေပြီး အလားတူ စေတီကုန်းရွာနှင့် မိဿလင်းရွာ၌ ရောက်ရှိနေသောစစ်ကြောင်းများတွင်လည်း ထပ်မံအားဖြည့်ကာ အင်အား ၁ ရာဝန်းကျင်ဖြင့် ကသာအထက်ဖက် ကပ္ပလိပ်ရွာမှတဆင့် ဖြတ်ကျော်ကာသာစည်ရွာဖက်သို့ ဆက်လက်ခြေလျှင်စစ်ကြောင်း ထိုးလျှက်ရှိသည်။
စစ်ကောင်စီတပ်သည် မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာနယ်အထက်ပိုင်းသို့ စစ်အင်အားသိသိသာသာ ဖြည့်တင်း‌နေသည့်အတွက် ရှေ့ဆက်ကသာနယ်အနီးနှင့် ကသာနယ်အထက်ပိုင်း ကချင်ပြည်နယ်အစပ်တစ်လျှောက် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း ပကဖ အဖွဲ့များက သုံးသပ်‌ ပြောဆိုသည်။
Show More

Related Articles

Back to top button