သတင်း

ခင်ဦးနယ်တွင် နှစ်ရက်အတွင်း ပြည်သူ ၁၀ ဦးအထိ သေဆုံး ၊ နေအိမ်တွေလည်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးတွင် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂ ရက်အတွင်း ပြည်သူ ၁၀ အထိသေဆုံးခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား မူးမြစ် နောက်ဘက် ရှိဇိန့်ဇွန်း ကျေးရွာဘက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိနာခဲ့သောကြောင့် မူးမြစ်အရှေ့ဘက်ရှိ ခင်ဦးနယ် ကို လက်နက်ကြီးများဖြင့် ယမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၁၀ ဦးလက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး ၅ ဦး သေဆုံးခဲ့ကြောင်း အခြားပြည်သူ ငါးဦးလည်း စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်ကြောင့် သေဆုံးခဲ့ကြောင်း ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး KNG သတင်းဌာနသို့ ပြောသည်။

“သူတို့ဘက်က အထိနာခဲ့တယ် အထိနာတော့ဘယ်လိုလုပ်သလဲဆိုရင် မူးမြစ်အနောက်ဘက်ကနေ မူးမြစ်အရှေ့ဘက်မှာရှိတဲ့ ခင်ဦးနယ်ထဲကို လက်နက်ကြီးတွေနဲ့ယမ်းပစ်တာ ပစ်တဲ့အခါမှာ တာတိုင်းကျေးရွာထဲက ပြည်သူဆယ်ဦးထိပြီးတော့ငါးဦးက ပွဲချင်းပြီးသေဆုံးသွားတယ် နောက်ငါးဦးက ပြင်းထန်ဒဏ်ရာ ရတယ်” ၎င်းကပြောသည်။

အင်အား ၇၀ ကျော်ပါဝင်သည့် ယင်းစစ်ကြောင်းသည် မေလ ၂၀ ရက်နေ့တွင် ကြို့ပင်ကန်ကျေးရွာအတွင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစည်းများ မွှေနောက်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည့် အပြင် ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သို့ပြောသည်။

“ကြို့ပင်ကန်ကျေးရွာကို မနက်ပိုင်းမှာ ဝင်ရောက်မွေနောက်ဖျက်ဆီးပြီး နေ့လည်ပိုင်းမှာ ရွာထဲကနေ ပြန်အထွက်မှာ တွေ့ရတဲ့အမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်” ဟု ဒေသခံက ‌ပြောသည်။

ကြို့ပင်ကန်ကျေးရွာမှ ဆက်လက်ထွက်ခွာသွားသည့် စစ်ကြောင်းသည် အင်းပတ်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရာ အရာရှိအဆင့်တစ်ဦးအပါ အများအပြားထိခိုက်သေဆုံခဲ့သောကြောင့် လက်နက်ကြီးယမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူသုံးဦး ထိခိုက်သေဆုံးခဲ့ပြီး အသက်ကြီးရွယ်အိုတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း  ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

“မိုင်းဆွဲတိုက်ခိုက်ခံရတော့အထိနာသွားတယ် အကောင်ကြီးလည်းပါတယ် အထိနာတော့ အင်တိုင်းလေး (တောင်ပိုင်း)ရွာကို လက်နက်ကြီးယမ်းလက်နက်ကြီးယမ်းပစ်တော့ ကျွဲကြောင်းနေတဲ့ လင်မယာနှစ်ယောက်ကျ တယ်။ ပြီးတော့ အဲ့လင်မယားနှစ်ယောက်ရဲ့သူငယ်ချင်း တစ်ယောက်ပါ စုစုပေါင်း သုံးယောက်ထိမှန်သေ ဆုံးသွားတယ်။ ပြီးတော့ အဲ့အင်တိုင်းလေးရွာကို လက်နက်ကြီးပစ်ဝင်ပြီး နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်။ အဲ့မီးရှို့တဲ့အထဲမှာ သက်ကြီးတွေအို တစ်ဦး မီးထဲပါသွားခဲ့တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အင်တိုင်းလေးကျေးရွာကို မီးရှို့ဖျက်ဆီးရာတွင် နေအိမ်အလုံး ၇၀ ခန့်ပါသွားပြီး မီးလောင်သည့်အထဲတွင် အသက် ၇၀ ကျော်အရွယ် နာမကျန်းဖြစ်နေသော ဦးစိန်လင်း မပြေးနိုင်ဘဲ မီးလောင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ခင်ဦးနယ်တွင် ၂ရက်အတွင်း စစ်ကောင်စီ ယမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ထိမှန်သူ ၈ ဦး၊ ရည်ရွယ်ရှိရှိ သတ်ဖြတ်ခဲ့သူတစ်ဦး နှင့် မီးလောင်သေဆုံးခဲ့သူတစ်ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ပြီး ထိုအထဲတွင် အမျိုးသမီး ၄ ဦးပါဝင်ကြောင်း သိရသည်။

အလားတူ ခင်ဦးမြို့နယ်တွင် စစ်ကြောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် သေဆုံးမှု ၁၆၀ ဦးခန့် အထိရှိခဲ့ပြီး ကျေးရွာပေါင်း သုံးဆယ်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်

Show More

Related Articles

Back to top button