သတင်း

ဝါးရှောင်-ကန်ပိုက်တည် လမ်းပိုင်းတွင် ပြည်သူ့စစ် အကောက်ခွန်နှင့် စစ်ဆေးရေးဂိတ် ပိုမိုများပြားလာ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝါးရှောင်ကျေးရွာနှင့် ကန်ပိုက်တည်လမ်းပိုင်းတွင် ပြည်သူ့စစ်၏ အကောက်အခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ် ပိုမိုများပြားလာနေ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဝါးရှောင်-ကန်ပိုက်တည် လမ်းပိုင်းတွင် ယခင် အာဏာမသိမ်းခင်က ဝါးရှောင်ကျေးရွာအထွက် စုပေါင်းဂိတ် ၊ ဆဒုံးဂိတ် နှစ်ခုခန့်သာရှိပြီး စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလပိုင်းမှစကာ ယင်းလမ်းပိုင်း၌ ဦးရွှေမင်း၏ ပြည်သူ့စစ်နှင့် ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အကောက်အခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ် ဆယ်ခု ထက်မက တိုးလာသောကြောင့် ခရီးသွားလာရေး ခက်ခဲလာကြောင်း ခရီးသွားပြည်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ရှေ့မှာ ကောက်တာက တရုတ်ပြည်ဘက်ကဝင်လာတဲ့ကားကြီးတွေဆိုရင် တစ်စီးကိုငါး ထောင်ကောက်တယ်။ ဂိတ်တွေကလည်းပိုများလာတယ်။ အရင်တုန်းကဆိုရင် သုံးခုလောက်ပဲရှိတာ လေး အခုကဆယ်ခုထက်မနည်းရှိတယ်။ ခရီးသည်ကားတွေလည်းကုန်ပါရင်တော့ပိုတောင်းတယ် ၃၀၀၀ ထောင်ကနေစတောင်းတယ်။ ဝါးရှောင်ဂိတ် ဆဒုံးဂိတ်တွေကတော့ပုံမှန်တောင်းတယ်။ ကျန်တဲ့ဂိတ်တွေ ကတော့ လက်ဖက်ရည်ဖိုး ဟင်းဖိုးလိုမျိုးတောင်းတာ” ဟု အမည်မဖော်လိုသည့် ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါအကောက်အခွန်နဲ့ စစ်ဆေးရေးဂိတ်များသည် ဝါးရှောင်ဂိတ်မှ စတင်၍ ဘွမ်တောင်ဂိတ်၊ အင်ဝမ်တောင်ဂိတ်၊ ငေါ့ချုံးဂိတ်၊ ရွှမ်းဝေတံတားဂိတ်၊ ဆဒုံးရေတံခွန်ဂိတ်၊ ဆဒုံးအဝင်ဂိတ်၊ ဆဒုံးအထွက်ဂိတ်၊ မံဝိန်းဂိတ်၊ လော်ဆာကျေးရွာ ဂိတ်များ ပါဝင်ပြီး အခြားကျေးရွာအထွက်များတွင်လည်း ပြည်သူ့စစ် စစ်ဆေးရေး ဂိတ်များ ထိုင်ထားကြောင်းသိရသည်။

အကောက်အခွန် နှင့် စစ်ဆေးရေးဂိတ်များကို ဦးရွှေမင်း၏ လီဆူပြည်သူ့စစ်နှင့် ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ပြည်သူ့စစ်များသီးသန့်ထိုင်သည့်ဂိတ်ရှိသည့်အပြင် စစ်ကောင်စီ တပ်နဲ့ ပူးတွဲထိုင်သည့် ဂိတ်များလည်းရှိကြောင်း ခရီးသွားအမျိုးသားတစ်ဦး ပြောသည်။

“နည်းနည်းအဓိကကျတဲ့ ဂိတ်ကြီးတွေမှာတော့ စစ်တပ်နဲ့ပြည်သူ့စစ်ပေါင်းထိုင်တယ်။ တချို့ဂိတ်ငယ် လေးတွေမှာတော့ ပြည်သူ့စစ်တွေပဲ သီးသန့်ထိုင်တယ်။ ဂိတ်အတွင်းပြင်းတော့ မသိဘူး။ ဂိတ်ပြင်မှာကတော့ လေးယောက် ငါးယောက်လောက်တော့ ထိုင်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဂိတ်များတွင် ညရှစ်နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး စစ်ဆေးမေးမြန်းမှု နှင့်အတူ ငွေကြေးကောက်ခံနေသောကြောင့် ခရီးသွားများအတွက် ခက်ခဲမှု အလွန်ဖြစ်ပွားနေကြောင်း သိရသည်။

Show More

Related Articles

Back to top button