သတင်း

စစ်ကောင်စီ ထောက်ပို့ကား ၈၀ ကျော် ဆွမ်ပရာဘွမ့် မှ ပူတာအိုသို့ ခရီးဆက်

ဆွမ်ပရာဘွမ့်မြို့တွင် ရောက်ရှိနေသော စစ်ကောင်စီ ထောက်ပို့ကား ၈၀ ကျော်ပါ ယာဉ်တန်းသည် ယနေ့ နံနက် ၅ နာရီ ခန့်တွင် ပူတာအိုမြို့နယ်ဘက်သို့ ပြန်လည် ထွက်ခွာသွားပြီဟု သိရသည်။

“ဒီမှာ ရောက်နေတဲ့ ယာဉ်တန်းတစ်ဖွဲ့လုံးက မနက်အစောပိုင်း ပူတာအိုဘက်ကို ထွက်သွားပြီ။ ဆွမ်ပရာဘွမ်မှာ ၂ ရက် လောက် နေသွားတယ်။ ပူတာအိုဒေသထဲကိုက မဝင်နိုင်သေးဘူး။ သူတို့ လုံခြုံရေးတွေချပြီး ဖြည်းဖြည်းချင်းဘဲ တက်သွားကြတယ်။ ပူတာအိုထဲကို ဝင်ဖို့ကတော့ မိုင် ၃၀ လောက် လိုသေးတယ်” ဟု ဆွမ်ပရာဘွမ်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ မြစ်ကြီးနားမှ ထွက်ခွာလာသော အဆိုပါ စစ်ယာဉ်တန်းသည် မေလ ၁၈ ရက်ညနေပိုင်း ဆွမ်ပရာဘွမ်သို့ ရောက်ရှိခဲ့ပြီး ယနေ့ မေလ ၂၁ ရက်နေ့ နံနက်ပိုင်း ပူတာအိုသို့ ဆက်လက် ထွက်ခွာလာခြင်း ဖြစ်သည်။

စစ်ရိက္ခာသယ် စစ်ယာဉ်တန်းများ ထွက်ခွာလာမည့် လမ်းကြောင်းတစ်လျောက်တွင် စစ်ကောင်စီ အင်အား ၂၀၀ ဝန်းကျင်ခန့် တပ်ချထားပြီး ဒေသခံများကိုလည်း ကျေးရွာအပြင်ဘက် ၂ မိုင်အကွာသို့ အလုပ်သွားရောက် လုပ်ကိုင်ခြင်း မပြုရန် ညွန်ကြားထားသည်ဟု ဆိုသည်။

အဆိုပါ စစ်ကားများသည် ယနေ့ မွန်းလွဲပိုင်းတွင် ဖုန်ကျန်းကျေးရွာသို့ ရောက်ရှိနေပြီဟု သိရသည်။

ပူတာအိုဒေသ စစ်ကောင်စီနှင့် ပြည်သူ့စစ်များအတွက် လက်နက်ပစ္စည်းများ ဖြစ်နိုင်သည်ဟု ဆွမ်ပရာဘွမ် ဒေသခံတစ်ဦးက သုံးသပ် ပြောဆိုသည်။

“အခုကျနော်တို့ သတင်းရထားတာက ပူတာအိုကနေ နောင်မွန်အထိကို တက်ဖို့ဟုတ်တယ်လို့ကြားတယ်။ နောင်မွန်ဘက်မှာရှိတဲ့ ပြည်သူ့စစ်တွေကို ထောက်ပံ့ပေးမယ့် လက်နက်ပစ္စည်းတွေလည်းပါတယ်လို့ တဆင့်ကြားရတယ်။ ဘာလို့လဲဆိုတော့ ဒီယာဉ်တန်းမှာ ပြည်သူ့စစ်အဖွဲ့တွေလည်း အများကြီးပါတယ်။ သူတို့စစ်ကြောင်းအဖွဲ့တွေထဲမှာ ပြည်သူ့စစ်တံဆိပ်တွေပါတယ်။ နောက်သူတို့ရဲ့ ပုံစံကြည့်ပြီးသိတယ်” ဟု ပြောဆိုသည်။

ဆွမ်ပရာဘွမ့်မြို့နယ်တွင် စစ်ရိက္ခာသယ်ယာဉ်တန်းကို လုံခြုံရေးယူပေးသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသည် ယနေ့ မေလ ၂၁ရက်နေ့အထိ ၃ကြိမ်ထက်မနည်း ရှိခဲ့ပြီး ပူတာအိုမြို့နယ်ဘက်တွင် တိုက်ပွဲ ပိုမိုဖြစ်ပွားနိုင်ခြေရှိသည်ဟု ဒေသခံများက သုံးသပ်ပြောဆိုထား သည်။

ပူတာအိုမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်းခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ယခုလို စစ်အင်အား ပို့ဆောင်လာခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button