သတင်း

ကချင် စစ်ရှောင် အိမ်ထောင်စု ၈၀ ကျော် ထပ်မံ နေရပ်ပြန်

မြစ်ကြီးနား ဂျန်မိုင်ကောင် စစ်ရှောင်စခန်းနှင့် ဗက်လင်စစ်ရှောင်စခန်းမှ စစ်ရှောင်အိမ်ထောင်စု ၈၀ ကျော် ယနေ့ မေလ ၂၅ ရက်နေ့ ရေကျည်၊ တာပဒေါင်းကျေးရွာသို့ နေရပ်ပြန်ကြပြီ ဖြစ်သည်။

“နေရပ်ပြန်ပြီဆိုတာက KBC ကနေ မှ မနှစ်ကတည်းက အိမ်တွေလည်း ဆောက်ထားပြီးတာဆိုတော့ မနှစ်ကတည်းက ပြန်ဖို့ပြင်ဆင်ပေမဲ့ စစ်တပ်အာဏာသိမ်းလိုက်တာနဲ့ တိုက်ပွဲတွေက ပြန်ဖြစ်လာတာနဲ့ မပြန်ဖြစ်ကြတယ်။ ဒါပေမဲ့ အခုတော့ လုံခြုံမှုအာမခံ မရှိလည်း ဘာဘဲဖြစ်ဖြစ် ပြန်ရတော့မယ်ဆိုတဲ့ဘက် လှည့်လာကြတာဖြစ်တယ်။ အခုက သူတို့တွေ ပြန်လို့ရပြီဆိုတော့ အိမ်ဆောက်ထားပြီးတဲ့သူတွေဖြစ်ဖြစ်၊ အိမ်မရသေးတဲ့သူတွေဖြစ်ဖြစ် နာမည်ပြန်ထည့်ကြပြီး နေရပ်ပြန်ကြတာဖြစ်တယ်။” ဟု ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှ ပြည်သူတစ်ဦး ပြောသည်။

နေရပ်ပြန်ကြသူများတွင် ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၈၀ ဝန်းကျင် လူဦးရေ ၄၀၀ ကျော် နှင့် လယ်ကုန်းရပ်ကွက် ဗက်လင် စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၅ ခုခန့်တို့ဖြစ်သည်။

အဆိုပါစစ်ရှောင်များမှာ ရေကျည်၊ တိုင်လွမ့် ၊ တာပဒေါင်း ကျေးရွာများမှ ဖြစ်ကြပြီး ၎င်းတို့အတွက် နေအိမ်များကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် KBC, KHCC မှ နေအိမ် ဆောက်လုပ် ပြီးစီးထားပြီ ဖြစ်သော်လည်း နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုပေါ်မူတည်ပြီး နေရပ်မပြန်ခဲ့သည့် စစ်ရှောင်ပြည်သူတစ်ချို့ ယနေ့ မှ နေရပ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလို စစ်ရှောင်များ နေရပ်ပြန်ကြပြီဖြစ်သော်လည်း ကလေး ပညာရေးအတွက် စိုးရိမ်မှုများလည်း ရှိနေကြောင်း နေရပ်ပြန် စစ်ရှောင်ပြည်သူတစ်ဦး ယခုလို ပြောသည်။

“ကျမတို့က ဒီမှာ နေအိမ်ခြံမြေ ဖြစ်တယ်ဆိုတော့ ပြန်တာတော့ ဟုတ်ပြီ။ ဒါပေမဲ့ အခုကြီးလာမဲ့ ကလေးတွေအတွက် အရမ်းစိုးရိမ်ရတယ်လေ။ ပြီးတော့ နိုင်ငံရေးလည်း မကောင်းတာဆိုတော့ ဘယ်အချိန် ဘယ်လိုများ ပြန်ဖြစ်လာမလဲ စိုးရိမ်တယ်။ ပြီးတော့ အခုကျမတို့ ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး အဓိကပေါ့။ အားလုံးက ပြီးပြည့်စုံတဲ့ အခြေအနေ မဟုတ်ဘူးလေ။ ပြန်ပြီဆိုတော့ အပြီးပြန်ပြီ ဟုတ်တယ်။” ဟု ပြောသည်။

လက်ရှိ နေရပ်ပြန်သည့် စစ်ရှောင်ပြည်သူများထဲတွင် ရေကျည် ကျေးရွာ (Lung Hkrung Buga) မှ အများပိုင်းဖြစ်ပြီး KHCC အနေဖြင့်လည်း ရေကျည်တွင် နေအိမ် ၃၀ ခန့် ဆောက်လုပ်ပေးထားပြီဖြစ်ကြောင်း သိရသည်။

သို့သော်လည်း နေရပ်ပြန်သည့်အထဲ နေအိမ်မရသေးသည့် စစ်ရှောင်ပြည်သူတစ်ချို့လည်း ပါဝင်ကြောင်း သိရသည်။

ထို့အပြင် နေရပ်ပြန် စစ်ရှောင်ပြည်သူများ၏ နေအိမ်များတွင် လျှပ်စစ်မီး မရှိသေးသောကြောင့် တတ်နိုင်သည့် ပြည်သူတစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ အဖွဲ့အစည်းများမှ လည်းကောင်း ကူညီပေးရန် တောင်းဆိုထားသည်။

နေရပ်ပြန် စစ်ရှောင်ပြည်သူများကို World Food Program (WFP) မှ ၆ အထိသာ ဆက်လက်ထောက်ပံ့တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရှောင် ပြည်သူများသည် ၂၀၁၁ ခုနှစ် စစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

Show More

Related Articles

Back to top button