သတင်း

နေအိမ် မီးရှို့ခံရသော ယင်းမာပင် ပြည်သူသုံးထောင်ကျော် စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ အောင်ချမ်းသာကျေးရွာ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ပြည်သူသုံးထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ် အင်အား ၇၀ ကျော်သည် ယမန်နေ့ မေလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် အောင်ချမ်းသာ ကျေးရွာသို့ ဝင်ရောက်လာပြီး လူနေအိမ်အများအပြား မီးရှို့ခဲ့သည့်အတွက် လတ်တလောတွင် အောင်ချမ်းသာရွာ နှင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူသုံးထောင်ကျော်သည် ချောင်ကူး၍ ခင်ဦးမြို့အရှေ့ဘက်ခြမ်းတွင် ခက်ခက်ခဲခဲဖြင့် စစ်ရှောင်နေရကြောင်း ခင်ဦးဒေသခံ အမျိုးသားတစ်ဦး က KNG သတင်းဌာနသို့ ပြောသည်။

“မနက် ၇ နာရီလောက်ကနေ စရှို့တာဗျ။ အဲ့ဒီအောင်ချမ်းသာရွာက အိမ်ခြေတစ်ရာ့ငါးဆယ်လောက်ရှိတယ်ဗျ။ မနက်က ရှို့တဲ့ထဲမှာ ဘယ်လောက်လောက်ပါသွားလဲတော့ စာရင်းအတိအကျမပြုစုရသေးဘူး” ဟု ခင်ဦးနယ်မှ ဒေသခံတစ်ဦးက ပြောသည်။

လတ်တလော အောင်ချမ်းသာကျေးရွာအနီးတစ်ဝိုက် စစ်ကြောင်းဝင်ရောက်နေမှုကြောင့် ကျေးရွာ ၆ ရွာမှ ပြည်သူသုံးထောင်ကျော်သည် ယင်းမာချောင်းကို ကူးဖြတ်ကာ စစ်ရှောင်နေရပြီး မိုးများသည်းနေသည့်အတွက် ချောင်းကူးရန် ပိုခက်ခဲကြောင်း ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မနေ့ကလည်း မိုးရွာတယ်ဗျ အခက်အခဲကတော့ချောင်းရေကြီးတော့ အတော်လည်းတော့အခက် အခဲဖြစ်တယ်ဗျ။ ချောင်းရေက လူတစ်ရပ်နီးပါးလောက်တော့ နက်တယ်ဗျ။ အဲ့ဒါကြောင့်တော်တော်လည်းတော့ အခက်အခဲဖြစ်တယ်ဗျ။ ချောင်းကူးတံတားလည်းမရှိ သက်ကြီးရွယ်အိုနှင့် ကလေးတွေလည်း များတော့ တော်တော်လည်း ခက်ခဲတယ် ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လတ်တလောတိန်းရှောင်နေရသည့် ကျေးရွာများမှာ အောင်ချမ်းသာ၊ အောင်ချမ်းလေး၊ လက်ပံတော၊ ကမ်းနား၊ ထီလောင် တို့ပါဝင်ပြီး စုစုပေါင်း ကျေးရွာ ၆ ရွာ တိမ်းရှောင်နေရကြောင်း သိရသည်။

“လောလောဆယ်ကတော့ အဲ့ဒီစစ်ရှောင်တွေအတွက် စားရေးသောက်ရေး နေရေးထိုင်ရေးအတွက် တစ်ရွာနဲ့တစ်ရွာ ဝိုင်းဝန်းကူညီနေရတာပေါ့ ရွာဘုန်းကြီးကျောင်းရှိရင်လည်း ရွာဘုန်းကြီးကျောင်းမှာ လူဦးရေ လေးရာ ငါးရာအတွက် ဘုန်းကြီးကျောင်းမှာပဲချက်ကျွေး လေးရက် ငါးရက်စာ ကျက်ကျွေးပြီးတော့ စစ်သားတွေက ရွာနဲ့နည်းနည်း ဝေးသွားပြီဆိုခါမှ ရွာကိုပြန်ကပ်အဲ့လိုလုပ်နေရ တာဗျ” ဟု စစ်ရှောင်များအရေးကူညီပေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်သုံးထောင်ကျော်တွင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်ဦးရေ တစ်ထောင်ကျော်ရှိပြီး သက်ကြီးရွယ်အို သုံးရာ ကျော်ပါဝင်ကြောင်းသိရသည်။

လွန်ခဲ့သည့် မေလ ၇ ရက်နေ့တွင်လည်း အောင်ချမ်းသာကျေးရွာအနီးရှိ လက်ပံတောကျေးရွာကို မီးတင်ရှို့ခံရပြီး အဆိုပါ ဖြစ်စဉ်တွင် ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မိန်းမနှင့် သားနှစ်ဦးနှင့် ယောခမဖြစ်သူ အပါအဝင် စုစုပေါင်း ၁၁ ဦးအထိအသတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်မီးရှို့ခဲ့သည့်ကျေးရွာပေါင်းကိုးရွာအထိရှိပြီဖြစ်ပြီး တိုက်ပွဲရှောင်ဦးရေ သုံးထောင်ကျော်အထိရှိနေကြောင်းသိရသည်။

Data For Myanmar ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်မှ နေအိမ်မီးရှို့သည့် အိမ်ပေါင်း ၁၁၄၁၇ အိမ်ရှိရာ စစ်ကိုင်းတိုင်းတွင် ၇၀၀၀ ပါဝင်သည်။

အဆိုပါစာရင်းသည် ဧပြီလအထိသာဖြစ်ပြီး မေလအတွင်း မီးရှို့ခံရသည့်စာရင်းပါဝင်ခြင်းမရှိသေးပေ။

Show More

Related Articles

Back to top button