တိုက်ပွဲသတင်း

စစ်ကောင်စီ ရိက္ခာတင် သင်္ဘော ၃ စီး ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ် တိုက်ခိုက်ခံရ

ကသာ မှ အထက်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ ၏ လက်နက် ရိက္ခာတင် သင်္ဘော ၃ စီးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း ရှေ့တန်းသတင်းရင်းမြစ် များထံမှ သိရသည်။

အဆိုပါ သင်္ဘော ၃ စီးသည် ယနေ့ နေ့လည် ကသာမြို့ ဆိပ်ကမ်း မှ စတင်ထွက်ခွာလာပြီးနောက် မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်ခန့်တွင် ဝဲကြီးရွာနှင့် သံပုရာကုန်းရွာကြားအ‌ရောက်တွင် ဒေသကာကွယ်ရေးတပ်မှ ရှော့တိုက်ဒုန်း ၂ လုံး၊ H-22 မိုင်တဲ မမ လက်လုပ် ရှေ့ထွက်မိုင်း ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

“ကျွန်တော်တို့က ရှော့ဒုန်း ၃ လုံးနဲ့ချိန်ထားတာ စပစ်တော့ တစ်လုံးပြီးတစ်လုံးထွက်သွားတာ သင်္ဘောကလည်း မီးခိုးတွေအူသွားတယ် သင်္ဘောကရှေ့ကိုဆက်မတက်နိုင်တော့ဘူး စက်ပျက်သွားတယ်ထင်တယ်။ ကျန် ၂ စီးနဲ့ တွဲယူတာတွေ့ရတယ်” ဟု ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ပြောသည်။

ပစ်ခတ်ခံရချိန် လက်နက်ကြီးထိမှန်ကာ စက်ပျက်ယွင်းသွားသည်ဟု ယူဆရသည့် သင်္ဘောတစ်စီးအား ကျန်နှစ်စီးမှ တွဲကာ မိုးတားလေး ဆိပ်ကမ်းတွင် ဆိုက်ကပ်သွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်တပ်၏ သင်္ဘော ၃ စီးသည် မေလ ၁၄ ရက်နေ့ မန္တလေးမှ ဆန်တက်လာပြီးနောက် မေလ ၁၈ ရက်ည ကသာ သို့ ရောက်ရှိလာပြီး ကသာ၊ အင်းရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကသာဆိပ်ကမ်းတွင် ရက်သတ္တပတ်ခန့် ဆိုက်ကပ်ထားခဲ့သည်။

ယင်း သင်္ဘော ၃ စီးသည် ကသာဆိပ်ကမ်းတွင် ဆိုက်ကပ်ထားချိန်တွင်လည်း စစ်ကောင်စီတပ်သည် ကသာမြို့နယ်ရှိ ရေလဲ၊ မိုးစစ်၊ ပေါက်ကုန်း၊ သင်္ဘောအင်း ကျေးရွာအနီးတစ်ဝိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ပြည်သူများအား စစ်ဆေးမေးမြန်းမူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“သင်္ဘောတက်မယ့် လမ်းတစ်လျှောက်သူတို့က လမ်းရှင်းတာ လက်နက်ကြီးတွေနဲ့ပစ်ပြီး ရွာထဲလည်း စစ်ဆေးမေးမြန်းတာတွေလုပ်လို့ တစ်ချို့က ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့အခြေနေထိ ဖြစ်ခဲ့တယ်” လို့ ထွက်ပြေးတိမ်းရှောင်လာရသည့် ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် မေလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင် ကသာ သဖန်းကိုင်းဆိပ်မှ စတင် ထွက်ခွာဆန်တက်လာကြောင်း သိရသည်။

ထို့ပြင် သင်္ဘော မထွက်ခွာမှီ ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်တွင်လည်း သင်္ဘောလုံခြုံရေးယူရန် မြစ်ကမ်းတလျှောက် ခြေလျှင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အင်အား ကသာ- အထက်ဘက် မိုးတား‌လေး၊ မြေနုရွာအနီးအရောက်တွင် ဒေသကာကွယ်ရေး တပ်များနှင့် အနည်းငယ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ကသာမြို့နယ်တွင် မေလ ၁၄ ရက်နေ့ မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီတပ် ၏ သင်္ဘော ကသာ သို့ မေလ ၁၈ ရက်နေ့ ရောက်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ် ၏ စစ်‌ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်တို့အကြား ထိတွေ့ တိုက်ပွဲ ၄ ကြိမ်ထက်မနည်းရှိလာပြီး စစ်ကောင်စီဘက်မှ ထိ‌ခိုက်သေဆုံးသူများနိုင်ကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button