လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လက်ပံတောကျေးရွာတွင် စစ်ရှောင်ပြည်သူ ၁၁ ဦးကို စစ်ကောင်စီသတ်ဖြတ်သွား

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာတွင် စစ်ရှောင်ပြည်သူ ၁၁ဦးအား မတ်လ ၈ရက်နေ့ စစ်ကောင်တပ်မှ သတ်ဖြတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်သည် လက်ပံတောကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ဖောက်ဝင်ရောက်လာခဲ့ပြီး လက်ပံတောကျေးရွာ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူ့ ၁၁ဦး သတ်ဖြတ်သွားကြောင်း Hero Tiger Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

စစ်သားတွေက မနေ့ညတုန်းက လက်ပံတော မြောက်ဘက်ကနေဝင်လာတယ်ဗျ။ ဝင်လာတဲ့အခါမှာလက်နက်ကြီးတွေနဲ့ပစ်တယ်။ ကျနော်တို့ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်နေတဲ့ ကျနော်တို့ရဲဘော်ရဲ့မိန်းမရယ်။ သားနှစ်ယောက်ရယ်။ ယောက်ခမရယ်။ နောက်ထပ်ခြောက်ယောက်အပါအဝင် စုစုပေါင်း ဆယ့်တစ်ဦးသတ်ခံလိုက်ရတယ်ဗျဟု ၎င်းကပြောသည်။

အဆိုပါ သတ်ခံလိုက်ရသည့် ၁၁ ဦးတွင် Hero Tiger Force တပ်ဖွဲ့မှ ရဲဘော်တစ်ဦး၏ မိန်းမ၊သားနှစ်ဦး နှင့်ယောက်ခမဖြစ်သူပါဝင်ပြီး ယင်းတပ်ဖွဲ့သည် ယင်းမာပင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။

သတ်ဖြတ်ခံလိုက်ရသည့် စစ်ရှောင်ပြည်သူ ၁၁ ဦးအနက် ၁၀ ဦး၏ရုပ်အလောင်းအား စစ်ကောင်စီတပ်သားများမှ မီးရိူ့ခဲ့ပြီးကျန်တစ်ဦး၏ရုပ်အလောင်းကိုမှု ယနေ့နံနက်ပိုင်းတွင် တပ်ဖွဲ့ဝင်များကမီးရှို့သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။

လတ်တလောတွင် ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကထိုးစစ်ဆင်နေမှုကြောင့် လက်ပံတော ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများရှိကျေးပေါင် ၈ ရွာခန့်မှ ပြည်သူ ၂၀၀၀ ကျော်က ဘေးလွတ်ရာ သို့ထွက်ပြေးတိန်းရှောင်နေရကြောင်းသိရသည်။

ယင်းမာပင်မြို့နယ် ချင်းပုန်းကျေးရွာတွင်လွန်ခဲ့သည့် ဖေဖော်ဝါရီအတွင်း လူပေါင်း ၂၀ ကျော်အား စစ်ကောင်စီတပ်က တစ်ပြိုင်နက်တည်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

လတ်တလောတွင် ယင်းမာပင်တစ်မြို့နယ်လုံးကို မတ်လ ၃ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်မှ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်သည့်နောက်ပိုင်း စစ်ကောင်စီတပ်များသည် ကျေးရွာများတွင် လူနေအိမ်မီးရိူ့မှု လူသတ်မှုစသည့်အကြမ်းဖက်လုပ်ရပ်များပိုမိုလုပ်ဆောင်လာနေကြောင်းသိရသည်။

Show More

Related Articles

Back to top button