သတင်း

KIA တပ်ရင်း ၁၄ သို့သွားသော လမ်းကြောင်းများကို ပြည်သူ့စစ်အဖွဲ့ စတင်ဖြတ်တောက်နေ

တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ သို့ သွားလာနိုင်သော လမ်းကြောင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဖြတ်တောက်နေပြီဟု သိရသည်။

ရှဒူးဇွပ်ကျေးရွာ အဝင် စံပြ နှင့် အောင်ရာကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေမှော် နှင့် KIA တပ်ရင်း ၁၄ နယ်မြေသို့ သွားလာသော ကားလမ်းမကြီးကို ယနေ့နံနက် ၁၁ နာရီဝန်းကျင် ဘက်ဟိုဖြင့် ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း KIA ဘက် မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို အတည်ပြောဆိုသည်။

“သူတို့ပြောထားတဲ့အတိုင်း ဒီကနေ့ကစပြီး လမ်းတွေကို ဖြတ်တောက်တာတွေလုပ်နေတယ်။ KIA တပ်ရင်း ၁၄ ဘက်ကို လာတဲ့ ကားလမ်းမကြီးကို ထိုးဖောက်ထားတယ်။ နောက်ထပ်လည်း ထိုးဖောက်မယ်ထင်တယ်။ ပြည်သူ့စစ်တစ်ဖွဲ့လုံးက လမ်းပိတ်တာတွေ လုပ်ဖို့ထင်တယ် သွားလာနေကြတယ်။ ပြီးရင် ဒီမနက် KIA ရှိတဲ့ဘက်ကိုလည်း လက်နက်ကြီးတွေ ပစ်ခတ်တယ်” ဟု ပြောဆိုသည်။

စံပြနှင့်အောင်ရာ ကျေးရွာ ၂ ခု၏ အနောက်ဘက်ခြမ်း ကိုင်းတော(ခေါ်) ရွှေမှော်ဘက်သွားလမ်းမကြီးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး တဆက်တည်း KIA ရှိသည့်ဘက်ကိုလည်း လက်နက်ကြီး ၄ ကြိမ်ထက်မနည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ဘန်ကောက်ကျေးရွာ ယုဇနကုမ္ပဏီဝင်း အနောက်ဘက်ခြမ်း လမ်းမကြီးပေါ်တွင်လည်း ‘မိုင်းထောင်ထားသည်’ ဟူသော ဆိုင်းဘုတ်များ စိုုက်ထူလာကြောင်း ဒေသခံတစ်ချို့ပြောဆိုချက်မှ သိရသည်။

ရှဒူးဇွပ်တွင် ယခုနောက်ပိုင်း KIA နှင့် ပြည်သူ့စစ်အဖွဲ့ကြား စစ်ရေးတင်းမာမှုများရှိနေသည့်အတွက် ၂ ဖက်တပ် ပစ်ခတ်မှုများ ဖြစ်ပွားလာနိုင်သည်ဟု ရှဒူးဇွပ်ဒေသခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။

“ဒီမနက်တောင် ရှဒူးဇွပ်ဘက်ကနေ လက်နက်ကြီးပစ်ခတ်သံတွေကြားရနေရတယ်။ ဒီရက်ပိုင်းအတွင်း ပြည်သူ့စစ်ဘက်ကနေ လမ်းတွေ ပိတ်ဖို့လည်း ပြောထားတယ်။ နောက် ဘန်ကောက် မှာရှိတဲ့ ယုဇနကုမ္ပဏီ ဝင်းရဲ့အနောက်ဖက်လမ်းကြားမှာ လည်း ပြည်သူ့စစ်က မိုင်းထောင်ထားတယ်လို့ကြားတယ်။ စာကပ်ထားတာလည်းတွေ့ရတယ်။ တဖက်မှာ KIA ဘက်ကလည်း ငြိမ်ခံနေမှာ မဟုတ်ဘူးလေ” ဟု ပြောဆိုသည်။

ယခုလို ပြည်သူ့စစ်အဖွဲ့ မှ အများပြည်သူ သွားလမ်းများ ဖြတ်တောက်လာရခြင်းသည် ပြီးခဲ့သော မေလ ၁၉ ရက်နေ့ည ရှဒူးဇွပ်ကျေးရွာတွင် ရွှေတူးဖော်နေသော ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် ၏ ဘက်ဟိုး ၂စီးကို KIA ဘက်မှ မီးရှို့ဖျက်ဆီး ပေးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ထိုဒေသတွင် ကွပ်ကဲနေသော KIA တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာနကို ပြောဆိုသည်။

ထို့အဖြစ်အပျက်အပြီး မေလ ၂၃ ရက်နေ့တွင် KIA တပ်ရင်း ၁၄ နယ်မြေအတွင်း ရွှေတူးဖော်နေသော လုပ်ငန်းရှင် ၃၀ ဦးခန့်ကို စံပြကျေးရွာ ပြည်သူ့စစ်တပ်စခန်းအတွင်းသို့ ခေါ်ယူကာ ‘လာမယ့် ဇွန်လ အတွင်းမှ KIA တပ်ရင်း ၁၄ နယ်မြေအတွင်း ကုန်ပစ္စည်းများသယ်ပို့ခြင်း၊ လမ်းပေါ်တွင် သွားလာဖြတ်သန်းမပြုလုပ်ကြရန်နှင့် သွားလာပါက ပစ်ခတ်မည်’ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည်။

ထို့ကြောင့် ယနေ့ ပြည်သူ့စစ်အဖွဲ့ မှ လမ်းဖြတ်တောက်မှုများ စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောဆိုနေကြသည်။

Show More

Related Articles

Back to top button