စစ်ပြေးဒုက္ခသည်များသတင်း

ရှဒူးဇွပ် စစ်ရှောင်များ နေရာအသစ်တွင် ရွေ့ပြောင်းရန် စတင်လုပ်ဆောင်နေ

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် KBC စစ်ရှောင်စခန်းပြည်သူများသည် လက်ရှိစခန်းတွင် နေထိုင်ရန်ခက်ခဲလာသောကြောင့် နေရာအသစ်တွင် ပြောင်းရွေ့နေထိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီဟု သိရသည်။

ဧပြီလ ၂၉ ရက်နေ့မှစတင်ပြီး ပြန်လည်ရွေ့ပြောင်းနေထိုင်မည့် မြေနေရာတွင် ပန္နက်ရိုက် ဆုတောင်းပွဲပြုလုပ်ကာ အဆောက်အဦးများ စတင်ဆောက်လုပ်နေပြီဖြစ်သည်ဟု စစ်ရှောင်တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“၂၉ ရက်နေ့ နံနက်ပိုင်းမှာဘဲ ဆုတောင်းပြီး လုပ်ငန်း စတင်နေပြီ။ ရရှိထားတဲ့ငွေပမာဏနဲ့ ရသလောက်အရင်ဆောင်သွားဖို့ စီစဉ်ထားတယ်။ ဘာလို့လဲဆိုတော့ အခုတိမ်းရှောင်နေတဲ့နေရာက ဘုရားကျောင်းဝင်းလည်းဖြစ်တယ်။ အချိန်ကာလအရဆိုလည်း ကြာမြင့်လာပြီ။ နောက်ပိုဆိုးတာက မိုးတွင်းရောက်ရင် ရေဘေးဒဏ်ကို ကြုံတွေ့နေရတယ်။ အဲ့ကြောင့်စစ်ရှောင်တွေကလည်း ဆက်မနေချင်ကြတော့ဘူး။ လွတ်လပ်တဲ့နေရာဘက်ကို ရွှေ့ပြောင်းချင်နေကြပြီ”ဟု ပြောဆိုသည်။

ရှဒူးဇွပ်စစ်ရှောင်ပြည်သူများ ရွှေ့ပြောင်းနေထိုင်မည့် မြေနေရာသည် ရှဒူးဇွပ်ကျေးရွာအနီး အောင်ရာကျေးရွာ ကချင်နှစ်ခြင်းခရစ်ယန်ဘုရားကျောင်း၏ အနောက်ခြမ်းဘက်တွင်ဖြစ်ပြီး မြေဧရိယာ ၆ ဧကပေါ်တွင် စစ်ရှောင်အိမ်ထောင်စု ၂၄ ခု ရှိသည့်အနက် စခန်းတွင်ပုံမှန်နေထိုင်သော အိမ်ထောင်စု ၁၆ စုအတွက် ဦးစားပေး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ နေရာရွေ့ပြောင်းရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် KBC မှ အိမ်ထောင်စုတစ်စုလျှင် မြန်မာငွေ ၅ သိန်း ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၂၄ ခု အတွက် သိန်း ၁၀၀ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း စစ်ရှောင်များ၏ နေအိမ်တည်ဆောက်ရန် ကုန်ကျစရိတ်မှာ သိန်း ၁၀၀ ကျပ် ထက် သာမက ကုန်ကျမည်ဖြစ်သောကြောင့် ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း စစ်ရှောင်တာဝန်ခံ ယခုလိုထပ်မံ ပြောဆိုသည်။

“ကျနော်တို့မှာ အဆောက်အဦး လုပ်ဖို့ မြေနေရာက ရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် အဆောက်အဦးတွေ စတင်လုပ်ဖို့က လုပ်နေပြီ။ KBC ကနေတော့ တစ်အိမ်ထောင်စု ကို ၅ သိန်းပေးတယ်။ ဒါပေမယ့် ခန့်မှန်းခြေက သိန်း ၁၀၀ ထက် ပိုကုန် သွားနိုင်တယ်။ အခုက ရထားတဲ့ ငွေ သိန်း ၁၀၀ နဲ့ ရအောင်ဆောက်နေမယ်။ ဆောက်နေရင်း ငွေကုန်သွားရင်တော့ ပြန်ရပ်နား ထားရမှာပေါ့။ ကူညီထောက်ပံ့ပေးတာတွေတော့ လိုအပ်နေသေးတယ်” ဟု ပြောဆိုသည်။

လက်ရှိ နေထိုင်သော စစ်ရှောင်စခန်းတွင် စစ်ရှောင်အိမ်ထောင်စု ၂၄ ခု ရှိသည့်အနက် ၁၆ စုသည် စခန်းတွင် နေထိုင်လျက်ရှိနေသောကြောင့် အဆိုပါ ၁၆ အိမ်ထောင်စုကို ဦးစားပေးအဖြစ် ဆောက်လုပ်ပေးရန် ဖြစ်ပြီး စစ်ရှောင်များ နေထိုင်မည့် မြေနေရာကို ၂ ဖက်အစိုးရက သဘောချမှတ်ပေးသော မြေနေရာဖြစ်ကြောင်းလည်း သိရသည်။

ထိုနည်းတူ အောင်ရာကျေးရွာတွင်ရှိသော ကချင်မူရင်းနှစ်ခြင်းအသင်းတော် စစ်ရှောင်ပြည်သူများသည်လည်း မြေနေရာအသစ်တစ်ခုတွင် ရွှေ့ပြောင်းနေထိုင်စေလိုသော်လည်း ရွှေ့ပြောင်းနေထိုင်ရန် အခက်ခဲရှိနေသေးကြောင်း မူရင်း စစ်ရှောင်စခန်းမှ စစ်ရှောင်တာဝန်ခံတစ်ဦးက ယခုလို ပြောဆိုထားသည်။

“ကျနော်တို့လည်း နေရာအသစ်ကို ရွှေ့ပြောင်းနေထိုင်ချင်ပါတယ်။ ဒါပေမယ့် အခုထိတောင် မြေနေရာရရှိဖို့ ခက်ခဲနေသေးတဲ့ အချိန်ဖြစ်တယ်။ တာဝန်ရှိတဲ့သူတွေကိုတော့ တောင်းဆိုထားတာရှိပါတယ်။ အခုချိန်မှာက နိုင်ငံရေး စီးပွားရေး အဖက်ဖက်မှာ ခက်ခဲနေသေးတော့ ရွှေ့ပြောင်းနေထိုင်ဖို့က အချိန်းနည်းနည်းယူချင်ပါသေးတယ်။ တကယ်လို့ မြေနေရာချပေးခဲ့ရင်တောင် အဆောက်အဦးတွေ ဆောက်လုပ်ဖို့လိုအပ်နေသေးတယ်။ ကျနော်တို့မှာ ကူညီပေးမယ်အဖွဲ့အစည်းလည်းမရှိဘူး” ဟု ပြောဆိုသည်။

အဆိုပါ စစ်ရှောင်စခန်း ၂ ခုသည် ရှဒူးဇွပ်ကျေးရွာအနီး လောဒ်ဂျာဘက်မှ ထွက်ပြေးလာသူများဖြစ်ကာ KBC စစ်ရှောင်စခန်း သည် ရှဒူးဇွပ်ကျေးရွာတွင်တည်ရှိနေပြီး မူးရင်း စစ်ရှောင်စခန်းသည် အောင်ရာကျေးရွာ မူကြိုကျောင်းဝင်းတွင် ရှိသည်။

လောဒ်ဂျာ စစ်ရှောင်ပြည်သူများသည် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က တနိုင်းလီဒိုလမ်းပေါ်ရှိ မှော်များတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ထွက်ပြေးလာသော ဒေသခံများ ဖြစ်ကြသည်။

Show More

Related Articles

Back to top button