သတင်း

ပြည်သူ့စစ်ခေါင်းဆောင်၏ ဘက်ဟိုး ၂ စီးကို KIA မီးရှို့ဖျက်ဆီး

တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ် (Jahtu Zup) ကျေးရွာတွင် ရွှေတူးဖော်နေသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ခေါင်းဆောင် မင်းဇင်သန့်၏ ဘက်ဟိုး ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ မှ မီးရှို့ လိုက်ကြောင်း သိရသည်။

မေလ ၁၉ ရက်ည ထိုသို့ မီးရှို့လိုက်ပြီးနောက် မေလ ၂၂ ရက်နေ့တွင် လုပ်ငန်းရှင် ၃၀ ဝန်းကျင်ခန့်ကို စံပြ ပြည်သူ့စစ်တပ်စခန်းတွင် ခေါ်ယူကာ လာမယ့် ဇွန်လ ၁ ရက်နေ့စပြီး KIA တပ်ရင်း ၁၄ နယ်မြေသို့ ကုန်ပစ္စည်းတင်ပို့သူများကို ပစ်ခတ်မည်ဟု ခြိမ်းခြောက် ပြောဆိုနေကြောင်း ရှဒူးဇွပ် ဒေသခံ တစ်ဦး က KNG သတင်းဌာန ကို ပြောဆိုသည်။

“ရွှေလုပ်တဲ့ နေရာမှာ KIA က သူ့ရဲ့ ဘက်ဟိုး ၂ စီးကို မီး သွားရှို့ပေးလိုက်လို့တဲ့။ မနေ့က သူတို့ရဲ့စခန်းမှာ လုပ်ငန်းရှင်တွေကို ခေါ်ပြီး သတိပေးတယ်လို့ ကြားရတယ်။ KIA တပ်ရင်း ၁၄ နယ်ဘက် ဒီလကုန်တာနဲ့ လမ်းပိတ်မယ်တဲ့။ နောက်ပြီး ကုန်တင်တဲ့ ကားတွေကိုလည်း ပိတ်မယ်။ လူဖြတ်ရင် လူပစ်မယ်။ ကားဖြတ်ရင် ကားပစ်မယ်။ မှော်ထဲက ထွက်ချင်တဲ့သူ ထွက်ကြ။ မထွက်ချင်ဘဲ ဆက်လုပ်ချင်တဲ့ သူတွေက လုပ်။ ဒါပေမယ် သူတို့က လမ်းကနေဖြတ်ရင် ပစ်မယ်လို့ လုပ်ငန်းရှင်တွေကို ပြောလိုက်တယ်လို့ ကြားတယ်” ဟု ပြောဆိုသည်။

ရှဒူးဇွပ်ကျေးရွာ မှ KIA တပ်ရင်း ၁၄ နယ်မြေသို့ အဓိက သွားလာနေသည့် လမ်းကြောင်းများကို ပိတ်ဆို့သွားမည်ဖြစ်သည်ဟု လုပ်ငန်းရှင်များကို အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာတစ်ဝိုက်တွင် ရွှေတူးဖော်မှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်း KIA က တားမြစ်လိုက်သော်လည်း လက်ရှိပြည်သူ့စစ်ခေါင်းသည် ရှဒူးဇွပ်ကျေးရွာ အထက်ပိုင်း အနီးတဝိုက်တွင် စက်ယန္တရားကြီး များဖြင့် ရွှေတူးဖော်မှုများရှိနေသဖြင့် မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ရှဒူးဇွပ်ကျေးရွာ အနီးတဝိုက်ရှိသော ဝခါး၊ ဂျာဝမ်၊ လောဒ်ဂျာ၊ ကိုင်းတောနှင့် ယုဇနလုပ်ကွက် စသောနေရာများတွင် ရွှေတူးဖော်မှုကို KIA က ရပ်ဆိုင်းလိုက်ခြင်းမှာ ပြည်သူ့စစ်အဖွဲ့မှ ရွှေမှော်ဘက်ကို သွားလာသည့် ပြည်သူများကို ရိုက်နက်ခြင်းနှင့် လုပ်ငန်းရှင်များထံ အဆမတန်ငွေကြေးကောက်ခံခြင်းများကြောင့် ဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button