သတင်း

ဘက်ဟိုး မီးရှို့ခံရပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင် မှ KIA ဘက်သို့ ခြိမ်းခြောက်စာပေးပို့ပြီး စစ်ရေးတင်းမာနေ

တနိုင်း လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု Jahtu Zup ကျေးရွာအနီး ဘက်ဟိုး ၂ စီး မီးရှို့ခံရပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် မှ KIA တပ်ရင်း ၁၄ ကို ခြိမ်းခြောက်စာပေးပို့ပြီး လက်ရှိ Jahtu Zup တစ်ဝိုက်တွင် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ အဆိုပါပြည်သူ့စစ်အဖွဲ့သည် အောင်ရာ နှင့် စံပြ ကျေးရွာ အနောက်ဘက်ခြမ်းရှိ ကိုင်းတောသို့ သွားသော လမ်းကြောင်းများကို ဖြတ်တောက်လိုက်ပြီးနောက် ထိုဒေသဘက်သို့ လယ်ယာလုပ်ကိုင်နေသော ပြည်သူများ လမ်းပိတ်ဆို့ခံရသည်သာမက စစ်ရှောင်ဖို့သာ ပြင်ဆင်နေရသည်ဟု ဒေသခံတစ်ဦး မှ စစ်ရေးအခြေအနေကို ယခုလို ပြောပြသည်။

“ပြည်သူ့စစ်အဖွဲ့က လမ်းကို လုံးဝသွားလာခွင့် ပိတ်ထားပြီ။ အခုက ၂ဖက်တပ်စောင့်ကြည့်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေနေမှာရှိ နေတယ်။ ဒီအတောအတွင်းက အချိန်မရွေး ပစ်ခတ်သံတွေကြားလာနိုင်တယ်။ အဲ့ကြောင့် အဲ့ဒီလမ်းပိတ်လိုက်တဲ့ ဘက်မှာရှိတဲ့ ပြည်သူတွေက ထွက်ပြေးလာကြတာ ၃ရက်လောက်ရှိပြီး။ စံပြ၊ အောင်ရာ တွေမှာရှိတဲ့ ဒေသခံတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ ကျနော်တို့ဘက်မှာက တိုက်ပွဲဖြစ်လာရင် ထွက်ပြေးမယ့်နေရာလည်းမရှိဘူး”ဟု ပြောသည်။

ရှဒူးဇွပ်တွင် စစ်ကောင်စီတပ် ခလရ ၂၉၇ နှင့် စံပြတွင် ပြည်သူ့စစ်တပ်ဖွဲ့ တည်ရှိသည်။ အဆိုပါကျေးရွာများမှတဆင့် KIA ရှိသော ရွှေမှော်ဘက်သို့ သွားလာနိုင်သော လမ်းကြောင်းများကို ပြည်သူ့စစ်တပ်ဖွဲ့က မေလ ၃၁ ရက်နေ့က ဖြတ်တောက်လိုက်သည်။

ထို့အပြင် အခြားနေရာများတွင်လည်း ‘သတိ မိုင်းထောင်ထားသည်’ ဟူသော စာသားများ စိုက်ထူထားကြောင်း သိရသည်။

ပြည်သူ့စစ်ခေါင်း မင်းဇင်သန့်သည် KIA တပ်ရင်း ၁၄ နယ်မြေ တပ်ရင်းမှူးကိုလည်း သတိပေးခြိမ်း ခြောက်စားများ ပို့ထားသည့်အပြင် မေလ ၃၁ ရက်နေ့မှစပြီး ရှဒူးဇွပ်ကျေးရွာအနီးတဝိုက် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ရေးလှုပ်ရှားမှုများ ပုံမှန် ရှိနေကြောင်း ဒေသခံများ ထံမှ သိရသည်။

လက်ရှိ ရှဒူးဇွပ်ကျေးရွာတွင် KIA နှင့် ပြည်သူ့စစ်ကြား စစ်ရေးတင်းမာမှုများရှိနေသောကြောင့် အဆိုပါဒေသရှိ စစ်ရှောင်များသည်လည်း စိုးရိမ်မှု ရှိနေကြသည်။

“တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေရတယ်။ ဘာလို့လဲဆိုတော့ စစ်ရှောင်စခန်းက ပြည်သူ့စစ်စခန်း နှင့် ဖာလုံလောက်ဘဲရှိတယ်လေ။ သူတို့ ဖြစ်ပြီဆို ဒီစခန်းမှာက အနည်းအများက ထိမှာဘဲ။ ပြီးရင် ရှဒူးဇွပ်စစ်တပ်ကုန်းကလည်း လက်နက်ကြီးတွေ အမြဲတမ်းပစ်လေ့ရှိတယ်။ အဲ့လိုပစ်ရင် လက်နက်ကြီးထိမှာကို ကြောက်နေရတယ်” ဟု ပြောဆိုသည်။

ယခုလို KIA နှင့်ပြည်သူ့စစ်ကြား စစ်ရေးတင်းမာမှုဖြစ်ပွားလာရခြင်းမှာ ပြီးခဲ့သော မေလ ၁၉ရက်နေ့တွင် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်၏ ရှဒူးဇွပ်ကျေးရွာအနီး ရွှေတူးဖော်နေသော ဘက်ဟိုး ၂စီးကို KIA က မီးရှို့ဖျက်ဆီးပေးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

မေလ ၂၄ရက်နေ့တွင် ရှဒူးဇွပ် မှ KIA တပ်ရင်း ၁၄ ဘက်သို့သွားသော ဆီတင်ကားတစ်စီးကိုလည်း ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီးပေးလိုက်ပြီး ကားသမားကိုလည်း ရိုက်နက်မှုများပြုလုပ်ခဲ့သည်။

Show More

Related Articles

Back to top button