သတင်းအင်တာဗျူး

KIA နယ်မြေထဲ TNLA ဝင်ရောက်လာပြီး စစ်ရေးတင်းမာမှုအခြေအနေ ဒေသခံတစ်ဦးဖြင့် မေးမြန်းချက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ ထိန်းချုပ် နယ်မြေ မန်ဝင်းကြီးဒေသဘက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အင်အားအလုံးရင်း ဝင်ရောက်လာပြီးနောက် နှစ်ဖက်အခြေအနေ တင်းမားမှုများဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA တပ်တွေကို ရွှေလီမြစ်အရှေ့ဘက်ခြမ်း နမ့်ခမ်းမြို့နယ်ဘက်ကို ပြန်လည်ဆုတ်ခွာဖို့ KIA ဘက်က ပြောဆိုနေသလို၊ TNLA ဘက်ကလည်း ၎င်းတို့လုပ်ဆောင်ရမယ့်တာဝန်ကို KIA က နားလည်မှု၊ အသိအမှတ်ပြုမှုဖြင့် ဆောင်ရွက်စေလိုကြောင်း မေလ ၂၃ ရက်နေ့က အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။ သို့သော် နှစ်ဖက်တပ်ကြား ယခုကိစ္စနှင့် ပတ်သက်ပြီး နှစ်ဖက်ဆွေးနွေးမှုမရှိသေးကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တာအိုက်ကျော် က KNG သတင်းဌာနကို ပြောဆိုပါတယ်။

လက်ရှိ မြေပြင်အခြေအနေနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ ကချင်ဒေသခံတစ်ဦးကို KNG က မေးမြန်းထားပါတယ်။

မေး။ TNLA တပ်တွေ လက်ရှိ ရွှေလီမြစ်အနောက်ဘက်ခြမ်းမှာ ခန်းလာချနေ မန်ဝင်းကြီး ဘယ်နေရာတွေမှာလဲဆိုတာကို ပြောပြပေးလို့ရမလား။

ဖြေ။ မန်ဝင်း (Man Win) ကနေ ၂ မိနစ်လောက်သွားတာနဲ့ ရှမ်းပြည်နယ်ဖြစ်တယ်။ အရှေ့ဘက်ခြမ်းကတော့ တရုတ်နိုင်ငံ နယ်စပ်နေရာဖြစ်တယ်။ အခု TNLA တွေစခန်းချနေတာက ရှမ်းပြည်နယ်ဘက်ခြမ်း၊ ကျွန်တော်တို့ရွာကနေ မြင်နေရတဲ့ တောင်ကုန်း ပလောင်ရွာဖြစ်တဲ့ ပန်ဂူ၊ မော်တောင်း ရွာတွေမှာ စခန်းချနေတာဖြစ်တယ်။ အခုချိန်အထိတော့ မန်ဝင်းရွာထဲမှာတော့ သူတို့ဘက်က လှုပ်ရှားတာတွေ မရှိသေးဘူး။

မေး။ TNLA ဘက်က KIA ထိန်းချုပ်နယ်မြေဘက်ကို ဝင်လာတဲ့အတွက် ပြန်ဆုတ်ခွာပေးဖို့ မဟာမိတ်အချင်းချင်း တောင်းဆိုတဲ့စာတွေလည်း တွေ့ရတယ်။ ဆိုတော့ လက်ရှိမြေပြင်အနေအထားက ဘယ်လိုတွေရှိလဲ။

ဖြေ။ အခုချိန်ရဲ့ မြေပြင်အနေအထားကို ကျွန်တော်တို့ရွာသားတွေအနေနဲ့ ကြားရတာကတော့ နှစ်ဖက်အချင်းချင်း ညှိနှိုင်း နေကြတုန်းပဲ။ အခု TNLA တွေ လာရောက်စခန်းချနေတာက KIA တပ်မဟာ ၃ ရဲ့ တပ်ရင်း ၂၇ နေရာတွေမှာ ဖြစ်တဲ့အတွက်ကြောင့် Nmau Hka (ရွှေလီမြစ်) တစ်ဖက်ကမ်းကို ဆုတ်ခွာဖို့ ပြောဆိုထားတယ်။ ဒါပေမယ့် TNLA ဘက်ကလည်း ဗဟိုဌာနချုပ်အမိန့် နဲ့ အဲဒီနေရာတွေမှာ စခန်းချဖို့ဆိုပြီး လာနေတာဖြစ်တယ်။ အဲဒီတော့ ကေအိုင်အေ ဘက်ကတော့ ဆုတ်ခွာဖို့ပြော၊ TNLA ဘက်က မဆုတ်ခွာနိုင်ဘူးလို့ အကြောင်းပြန်တဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေကတော့ စစ်ပွဲတွေထပ်ဖြစ်လာမှာကို စိုးရိမ်တယ်။ စိုးရိမ်တယ်လို့ပြောရတာက အခု TNLA တွေစခန်းချနေတဲ့နေရာက စစ်တပ်နဲ့လည်းနီးတယ်၊ ကေအိုင်အေ အုပ်ချုပ်တဲ့နေရာမှာလည်းဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်အဖွဲ့အစည်း ၃ဖွဲ့ ရဲ့ ပြဿနာတွေလည်းဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေက စစ်ဖြစ်မှာကို စိုးရိမ်တယ်။ အခုချိန်တော့ စစ်ပွဲတွေ ဖြစ်လာမလားဆိုပြီး သတင်းတွေထွက်နေတယ်။

မေး။ အခုလို TNLA တွေလာရောက်စခန်းချနေတော့ ပြည်သူတွေကို ထိခိုက်တာတွေ ရှိနေလား။

ဖြေ။ အရင်တုန်းကတော့ TNLA တွေစခန်းမချခင် ကျွန်တော်တို့ပြည်သူတွေက  ဘယ်အချိန်ပဲဖြစ်ဖြစ်သွားလာဖို့ အခက်အခဲမရှိဘူး။ လွန်ခဲ့သော အပတ်က ကျွန်တော်တို့ရွာက ရွာသား ၂ ဦးကို လမ်းမှာစစ်မေးပြီး သူတို့တပ်ထဲကို ၂ ရက် ၃ ရက် ဖမ်းခေါထားပြီး ရိုက်နက်တာတွေရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူတွေက အလုပ်လုပ်တဲ့နေရာမှာ အခက်အခဲတွေကြုံရတာပေါ့။

မေး။ အချင်းချင်းပေးပို့ကြတဲ့စာတွေကိုကြည့်မယ်ဆိုရင် TNLA ဘက်ကအကြောင်းပြန်ထားတာကတော့ ဒီနေရာတွေမှာ စခန်းချတဲ့ရည်ရွယ်ချက်က မူးယစ်ဆေးဝါးကို ကောင်းကောင်း တိုက်ဖျက်ချင်လို့ဆိုပြီးပြောတာပေါ့နော်။ မြေပြင်အခြေအနေမှာ မူးယစ်ဆေးဝါးအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ အခု TNLA တွေ လာရောက်စခန်းချနေတဲ့နေရာက တစ်ကယ်လည်း မူးယစ်ဆေးဝါးသောက်စား ရောင်းဝယ်ဖောက်ကားတဲ့ နေရာတွေ ဖြစ်တယ်။ တစ်ကယ်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လုပ်သင့်တဲ့နေရာတွေတော့ဖြစ်တယ်။ ဒါပေမယ့် သူတို့တစ်ကယ်ကို မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ဒီနေရာမှာ စခန်းလာချတယ်ဆိုရင် ပြီးခဲ့တဲ့အပတ်က ပြည်သူတွေကို ဖမ်းဆီး ရိုက်နှက်တာကတော့ အဖွဲ့အစည်းတစ်ခုအနေနဲ့ လုပ်သင့်တာတော့ မဟုတ်ဘူး။ သူတို့ ပြန်တောင်းပန်သင့်တယ်လို့ ထင်တယ်။ စခန်းချတာနဲ့ ပတ်သက်ပြီးတော့က ပြည်သူတစ်ယေက်အနေနဲ့တော့ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါလို့ ဘာမှမပြောရဲဘူး၊ ကိုယ့်ကို ပြန်တိုက်ခိုက်မှာလည်း ကြောက်တယ်။  ဒီလိုစခန်းချမယ်ဆိုတော့ ပြည်သူတွေက စိုးရိမ်တာပေါ့နော်။

မေး။ ဒီကိစ္စနှင့် ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ ဖြစ်စေချင်တဲ့အချက်ကို ပြောပြပေးလို့ရမလား။

ဖြေ။ TNLA ကိုတော့ သူ့ရဲ့ အရင်က လုပ်ရပ်တွေကိုကြည့်ပြီး စိုးရိမ်တယ်။ နမ့်ခမ်းဈေးမှာ လက်နက်တွေနဲ့ ဝိုင်းပြီး အခွန်မထည့်မနေရ လုပ်တာမျိုးတွေ မန်ဝင်းကြီးတွေမှာလည်း ဖြစ်လာမှာစိုးရိမ်တယ်။ မန်ဝင်းကြီးမှာက ကေအိုင်အေကို အခွန်ထည့်ရတာတွေရှိတယ် ဒါပေမယ့် အလုပ်အကိုင်ပေါ်မူတည်ပြီး တတ်နိုင်တဲ့အချိန်တွေမှာ ထည့်တယ်၊ မတတ်နိုင်တဲ့ အချိန်တွေမှာ ညှိနှိုင်းပြီး ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်လို့ရတယ်။ TNLA တွေက သူတို့သတ်မှတ်ထားတဲ့အတိုင်း အခွန်အပြည့်ထည့်ခိုင်းတာမျိုးတွေ ကျွန်တော်တို့ကြားရတယ်။ ဒါတွေကတော့ TNLA တွေရောက်လာတာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှုတွေပေါ့နော်။

မေး။ စစ်ပွဲတွေဖြစ်လာမယ်ဆိုပြီး ကြားနေရတော့ အခုဘယ်လိုအခြေအနေတွေရှိလဲ။

ဖြေ။ ရွာထဲမှာပြန့်နေတဲ့ သတင်းစကားတွေကတော့ နှစ်ဖက်စလုံး ပစ်ခတ်ဖို့ အဆင်သင့်ပဲ ဆိုတာကို ကြားနေရတယ်။ နှစ်ဖက်တင်းမာမှုတွေရှိနေတာကြောင့် ဖြစ်နိုင်ရင်တော့ စစ်မဖြစ်ပဲ KIA အဖွဲ့တွေကလည်း အခွင့်အရေးပေးနိုင်တာကိုပေး၊ TNLA ဘက်ကလည်း အတင်းအကျပ် မဖြစ်နိုင်တာကို မတောင်းဆိုပဲ အချင်းချင်း လိုက်လျောညီထွေဖြစ်အောင်နေမယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေ လုံလုံခြုံခြုံနဲ့ နေနိုင်မယ်။

Show More

Related Articles

Back to top button