သတင်း

စစ်ကောင်စီယာဉ်တန်း ပူတာအိုလမ်းတွင် ထပ်မံ တိုက်ခိုက်ခံရ

ပူတာအိုမြို့နယ် မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်း ယနေ့ည ၅နာရီဝန်းကျင်ခန့်တွင် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းနှင့် ခင်ဒူယန်ကျေးရွာ ၂ခုကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ မိုင်းခွဲတိုက်ခိုက်မှုကို ခံရပြီး စစ်ကောင်စီဘက်က အထိခိုက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက် မှ ဆင်းလာခဲ့သော စစ်ကောင်စီ ယာဉ်တန်းကို ခင်ဒူယန်ကျေးရွာအကျော် ၂ မိုင်ခန့် ဝေးသော တောင်ကုန်းတစ်ခုတွင် KIA တပ်မဟာ ၁ ၊ တပ်ရင်း ၇ အဖွဲ့က စောင့်ကြိုကာ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ရှေ့တန် KIA သတင်းအရင်းအမြစ်နှင့် နီးစပ်သော ပြည်သူတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုသည်။

“ကြားဖြတ်ဝင်ရောက်တိုက်ခိုက်တဲ့သဘောပါ။ အခုတလောပူတာအိုဘက်ကို ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့အဖွဲ့ပါဘဲ။ ကားယာဉ်တန်း နောက်မှာလိုက်တဲ့ ခြေလျင်တပ်အဖွဲ့ကို မိုင်းခွဲတိုက်ခိုက်လိုက်တာဟုတ်တယ်။ ထိခိုက်မှုကရှိတယ်။ အသေးစိတ် မသိနိုင်သေးဘူး။ မိုးချုပ်ခါနီးမှာဘဲ ဖြစ်သွားတယ်ဆိုတော့ အချက်အလက်ရဖို့ခက်နေတယ်။ ဝင်တိုက်ခိုက်တာက မှန်ပါတယ်”ဟု ပြောဆိုသည်။

စစ်ကောင်စီ စစ်ရိက္ခာသယ် ယာဉ်တန်း ၆၀ စီးခန့်ပါရှိသော ယာဉ်တန်းဖွဲ့သည် ၃ နာရီဝန်းကျင်ခန့်တွင် ပထမအကြိမ်တစ်ဖွဲ့ ခင်ဒူယန်ကျေးရွာအတွင်းမှ ဖြတ်သွားပြီး ၄ နာရီဝန်းကျင်ခန့်တွင် ဒုတိယတစ်ဖွဲ့ ပြန်လည်ဆင်းလာခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သော ရက်ပိုင်းအတွင်းမှ ပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ပြီး ပြန်ဆင်းလာခဲ့ပြီးနောက် ဆွမ်ပီယန်ကျေးရွာတွင် ၄ရက်ခန့်အကြာ တပ်စွဲနေထိုင်ပြီး ယနေ့ မှ ဆွမ်ပရာဘွမ့်ဘက်သို့ ပြန်ဆင်းလာခဲ့ရာ KIA က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီ ယာဉ်တန်းသည် ပြီးခဲ့သော မေလ ၁၁ရက်နေ့မှ မြစ်ကြီးနား မှ စစ်အင်အား ၃၀၀ ဝန်းကျင် စစ်ကား ၈၀ စီးခန့်ဖြင့် ပူတာအိုဘက်သို့ တက်လာခဲ့ခြင်းဖြစ်ပြီး အတက်လမ်းတစ်လျှောက် ဆွမ်ပရာဘွမ့်မြို့နယ်နှင့် ပူတာအိုမြို့နယ်တွင် ၅ကြိမ်ထက်နည်း တိုက်ခိုက်ခံခဲ့ရသည်။

Show More

Related Articles

Back to top button