သတင်း

အင်တော်နယ်တွင် အရပ်သားပြည်သူများကို စစ်ကောင်စီ မှ ဓါးစာခံအဖြစ် ခေါ်ဆောင်များမှုများ ရှိနေ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များသည် တွေ့သမျှ အရပ်သားပြည်သူများကို ဖမ်းဆီးကာ ဓားစာခံ ခေါ်ဆောင်ပြီး အထမ်းသယ်အဖြစ် ရှေ့တန်းတွင် ခေါ်ဆောင်နေကြောင်း သိရသည်။

ထီးချိုင့်မြို့နယ် မှ အင်းတော်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည် လယ်ခင်း၊ ယာခင်းနှင့် လမ်းမပေါ်တွင် တွေ့သမျှ အရပ်သားပြည်သူများကို ဖမ်းဆီးကာ ဓားစာခံအဖြစ်ခေါယူခြင်း၊ အထမ်းသယ်ခိုင်းခြင်းများ မကြာခဏပြုလုပ်လာနေကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“သူတို့က အမြဲတမ်းစစ်ကြောင်းထိုးနေတော့လေ လမ်းသွားလမ်းလာ ပြည်သူတွေမျှစ်ချိုး မိုရှာ အခုဆိုရင်လယ်လုပ် အဲ့လိုလမ်းမှာတွေ့တဲ့ပြည်သူတွေကို လမ်းပြအဖြစ်ခေါ်တယ်။ ခေါ်လို့ရှိရင် သူတို့ရဲ့အထုတ်တွေကိုထမ်းခိုင်းတယ် အဲ့လိုမျိုးတွေလုပ်နေတယ်။ အဲ့လိုလုပ်နေတာကြာပြီးဗျ ဒီဘက်ကိုစစ်ကြောင်းတွေထိုး ကတည်းက” ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးသွားသူများကို စစ်ကောင်စီတပ်မှ ၎င်းတို့တပ် နားမည့်နေရာသို့ ရောက်ပါက ပြန်လွှတ်ပေးခြင်းများ ရှိသော်လည်း ညှင်းပန်းနှိပ်စက်မှုများလည်း ပြုလုပ်ကြ‌ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“သူတို့လိုရာခရီးရောက်သွားရင်တော့ပြန်လွတ်ပေးတယ်ဗျ။ ခေါ်သွားရင်တော့အရမ်းတော့မကြာဘူး။ တစ်ရက်နှစ်ရက်ကြီးတော့ မကြာဘူး အဲ့နားကတစ်ရွာနဲ့တစ်ရွာကနီးတော့သူတို့လိုချင်တဲ့နေရာရောက် ရင်တော့ ပြန်လွတ်ပေးတယ်။ တစ်ခါတစ်လေကျရင်တော့ ရိုက်နှက်တာတွေရှိတယ်။ ရိုက်နက်ပြီးခေါ်သွား တာတွေရှိတယ် ဒူးထောက်ခိုင်းထားတာတို့အဲ့မျိုးတွေလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်မှုပြုလုပ်သည့်အပြင် အင်းတော်နယ်အတွင်း စစ်ကြောင်းထိုးမှု ပိုမှုလုပ်ဆောင်လာသည်မှာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ပို၍လုပ်ဆောင်လာကြောင်းသိရသည်။

ထို့ကြောင့် အရပ်သားပြည်သူများအနေဖြင့်အသွားအလာပိုမိုသတိထားသင့်ပြီး သွားလာမည်ဆိုပါကလည်း စစ်ကောင်စီတပ် စစ်ရေးလုပ်ရှားမှုအခြေအနေကို သေချာစုံစမ်းပြီးမှသာ သွားလာကြရန် အင်းတော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ မေလ ၃၁ ရက်နေ့ ၎င်းတို့၏ လူမူကွန်ယက်စာမျက်နှာတွင် အသိပေးလှုံ့ဆော်ထားသည်။

အင်းတော်မြို့နယ်အတွင်းတွင် ယခုရက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ ငြိမ်သက်သည့်အနေအထားတွင်ရှိနေသော်လည်း မတ် ၂၇ ရက်နေ့တွင် အင်းတော်မှ ကောလင်းသို့ပြန်မည့် အမျိုးသားတစ်ဦး၏ ဆိုင်ကယ်တူးဘောက်တွင် ယမ်းမှုန့်စစ်ဆေးမိရာမှယင်းအမျိုးသားကို အင်းတော် ကျောင်းကုန်းကျေးရွာအနီးတွင် ပစ်သတ်ခဲ့သည်။

Show More

Related Articles

Back to top button