သတင်း

World Environment Day အထိမ်းအမှတ်အဖြစ် လိုင်ဇာမြို့တွင် အပင်ပေါင်း ၂၀၀၀ ကျော် စိုက်ပျိုး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် World Environment Day အထိမ်းအမှတ်အဖြစ် ဇွန်လ ၄ ရက်နေ့တွင် အပင်အမျိုးအစား ၃၀ ကျော်နှင့် အပင်ပေါင်း ၂၀၀၀ ကျော် ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အသီးအနှံအပင်အမျိုးအစားနှင့် ပန်းပင်အမျိုးအစား ၂ မျိုးကို စိုက်ပျိုးခဲ့ပြီး အသီးအနှံပင်အမျိုးအစားကို အဓိကစိုက်ပျိုးခဲ့ကြောင်း KIO စိုက်ပျိုးရေးနဲ့ မွေးမြူရေးသင်တန်းကျောင်းမှ တာဝန်ခံ ဦး ဂရန် ဘရန်ဆိုင်းက ပြောပါသည်။

“အသီးပင် ၊ ပန်းပင် အမျိုးပေါင်း ၃၀ ကို စိုက်တယ်။ မြစ်ကြီးနားကနေမှာထားတာတွေနဲ့ ကျနော်တို့ စိုက်ပျိုး ရေးနဲ့ မွေးမြူရေးကျောင်းက အပင်တွေကို ယူစိုက်တယ်။ အဓိကစိုက်တာတော့ အသီးအနှံပင်အမျိုးအစားကို ပိုစိုက်တယ်။” ဟု KNG ကချင်သတင်းဌာနကို ပြောပါသည်။

စိုက်ပျိုးပင်များကို လိုင်ဇာမြို့ ၊ မုန်းဆန်ယန်ကျေးရွာတွင် လိုင်ဇာမြို့ ဒေသခံများ ၊ CDM ဆရာ ၊ဆရာမများ ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် KIO စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းများက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

လိုင်ဇာမြို့နေ ဒေသခံပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်တတ်စေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ဇွန်လတွင် စုပေါင်းပြီး အပင်စိုက်ပျိုးခြင်း လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

“သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ဖို့ ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်။ အပင်တွေကို မလိုအပ်ပဲနဲ့ မခုတ်ဖို့ ထိန်းသိမ်းတတ်ဖို့ လုပ်တယ်။ နှစ်တိုင်း တစ်ယောက်ကို အပင်တစ်ပင်စိုက်ရင် နှစ်တွေကြာရင် ကျနော်တို့ နိုင်ငံ စိမ်းလမ်းစိုပြေ လှပလာမှာ ဖြစ်တယ်။ အားလုံးကြိုးစားလုပ်ဆောင်ဖို့ တိုက်တွန်းချင်တယ်။” ဟု စိုက်ပျိုးရေးနဲ့ မွေးမြူရေးသင်တန်းကျောင်းမှ တာဝန်ခံ ဦး ဂရန် ဘရန်ဆိုင်းက ဆက်ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က World Environment Day အထိမ်းအမှတ်အဖြစ် Pat Jasan ဆေးရုံဝန်းအတွင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးကျောင်းမှ ကျောင်းသား ကျောင်းသူများ စိုက်ပျိုးပင်များကို စိုက်ပျိုးခဲ့ကြသည်။

Show More

Related Articles

Back to top button