သတင်း

ရွှေကူစစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဂေါ်ဂွေပါ Gau Gwi Pa အထက် ပန်ခေါန်ယန်(Pan Hkaw Yang )တဝိုက်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ဇွန်လ ၅ ရက်နေ့ နံနက်အစောပိုင်းအချိန်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ပန်ခေါန်ယာန် (Pan Hkaw Yang) တွင်ရှိသော စစ်ကောင်စီတပ် စစ်အင်အား ၃၀ ဝန်းကျင်ခန့်ရှိသော စခန်းကို KIA တပ်မဟာ ၈ လက်အောက် တပ်ရင်း ၅ အဖွဲ့က သွားရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်းခဲ့ခြင်းဖြစ်ကြောင်း ထိုဒေသနှင့် အချိတ်အဆက်ရှိသော မိုးညှင်းဒေသ KIA အရာရှိတစ်ဦးထံမှ သိရသည်။

“စစ်ကောင်စီရဲ့တပ်စခန်းကို သိမ်းလိုက်တယ်ဆိုတာမှန်ပါတယ်။ သိမ်းလိုက်ကြောင်း ကျနော်တို့ဆီကို စာပို့လာတယ်။ သူတို့ ပို့လာတဲ့စာထဲမှာက မနက်ပိုင်း သိမ်းလိုက်တယ်လို့ဘဲသိရတာ။ အခုသိမ်းတဲ့ စခန်းမှာက စစ်သားတွေ ၃၀ ဝန်းကျင်လောက်ဘဲရှိတယ်လို့ သိရတယ်။ အဆက်အသွယ်ခက်တော့ အသေးစိတ်အချက်အလက်ရဖို့က နည်းနည်းခက်ခဲတယ်” ဟု ပြောဆိုသည်။

အဆိုပါ တပ်စခန်းသည် ၂၀၁၄ ခုနှစ်ခန့်က KIA ထံမှ စစ်ကောင်စီတပ်ဖွဲ့ သိမ်းပိုက်လိုက်သော KIA တပ်ရင်း ၅ နေရာဟောင်းဖြစ်ပြီး Ga Hkyeng Bum ဒေသတွင် ပါဝင်သည်ဟု သိရသည်။

ဆက်သွယ်မှုခက်ခဲသော နေရာဖြစ်သောကြောင့် အဆိုပါ စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button