တိုက်ပွဲသတင်း

အင်းတော်ကြီးတွင် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ဖားကန့် မှ မိုးညှင်းမြို့နယ်ဘက်သို့ တပ်ချိန်းပြီး ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းကြောင်းတစ်လျှောက် ၂နေရာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၅ ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ဖားကန့်ဘက်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ခြေကျင်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အဝင် ကချင်စုရပ်ကွက်အနီးတွင် KIA တပ်မဟာ ၉ တပ်ရင်း ၂၆ အဖွဲ့က ၃ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု KIA ရှေ့တန်း တာဝန်ရှိသူ တစ်ဦးက KNG ကို ယခုလို ပြောဆိုသည်။

“မနေ့က ဖြစ်တာက နန့်မွန်းမြို့အဝင်မှာ ဖြစ်တယ်။ အပြန်အလှန်တိုက်ပွဲဖြစ်တာမျိုးတော့မဟုတ်ဘူး။ မြို့အဝင်မှာ မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ အဲ့မှာ ၂ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ နောက် ၈ယောက်လောက်က ထိခိုက်သွားတာတွေ့ရတယ်။ ဖားကန့်ကနေ တပ်ချိန်းပြီး ဆင်းလာတဲ့အဖွဲ့ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ မိုင်းခွဲပြီးနောက် ပြန်ဆုတ်သွားတယ်” ဟု ပြောဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကြောင်းသည် ဇွန်လ ၄ ရက်နေ့ ဖားကန့်မှ ဆင်းလာခဲ့သော အဖွဲ့ဖြစ်ပြီး ဇွန်လ ၄ရက်နေ့ နံနက်ကလည်း နမ့်မတေးနှင့် လွှဲမွန်ကြားတွင် မိုင်းဆွဲတိုက်ခံရကြောင်း သိရသည်။

နေရာ ၂ ခုတွင် မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် နန့်မွန်း မှ ဟိုပင်ဘက်သို့ စစ်ကားဖြင့် လာရောက် သယ်ဆောင်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button