သတင်း

ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ

ဖားကန့်မြို့နယ် NLD ပါတီ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီတပ်မှ လာရောက်ချိတ်ပိတ်သွားကြောင်း သိရသည်။

ဖားကန့် ရှရော်ခကျေးရွာတွင် ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့်ဟုဆိုကာ ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်တွင် လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက်အင်အားအများအပြားနဲ့ လာပြီး ချိတ်ပိတ်သွားတယ်လို့ကြားရတယ်ဗျ။ အဓိကတော့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့လာပိတ်သွားတယ်လို့တော့ ပြောတာဘဲဗျ။ ဒီလိုချိတ်ပိတ်မယ်ဆိုတော့ မျှော်လင့်ထားပြီးသားဗျ အသံတွေလည်းကြားနေရတယ်။ ခုတော့သူတို့လာပိတ်ဖြစ်သွားတာပေါ့။ ဒီနေ့ဒီချိန်ကတော့ နေအိမ်ချိတ်ပိတ်တာတွေက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေပါဘဲ ဒီအပေါ်မှာလည်း အရမ်းကြီးခံစားမနေပါဘူး။ ကျနော်တို့နိုင်ရင် ဒါတွေက ပြန်ရမယ့်ဟာတွေပါဘဲ” ဟု ချိတ်ပိတ်ခံရသူ ဦးအောင်ဟိန်းမင်း မှ KNG ကို ပြောဆိုခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းသည် ၂၀၂၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အထွေအထွေ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ထားကာ အနိုင်ရထားသူတစ်ဦးဖြစ်သည်။

စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတစ်ဝန်း ၎င်းတို့အားဆန့်ကျင်သည်ဟု ယူဆသူများ၊ PDF ထောက်ပံ့သူများ၊ NLD လွှတ်တော်ကိုယ်စားလှယ်အချို့၏ နေအိမ်များ၊ ရှေ့နေအချို့နေအိမ်များကို ချိတ်ပိတ်ခဲ့သကဲ့သို့ ကချင်ပြည်နယ်တွင်လည်း ၂၀၂၂ ခုနှစ်မေလပိုင်းမှစကာ မြို့နယ်အချို့ရှိ NLD လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်ချိတ်ပိတ်မှုများ ပြုလုပ်လာခဲ့သည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်မှ ချိတ်ပိတ်ခဲ့သော နေအိမ်များမှာ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၏နေအိမ်၊ အမျိုးသာညီညွတ်ရေး အစိုးရ(NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၏ နေအိမ်၊ NLD ပါတီ ဗန်းမော်ပြည်နယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ နေအိမ်၊ ကချင်ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်၏ ပူတာအိုမြို့ရှိ နေအိမ်၊ မိုးညှင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၏ နေအိမ်တို့ဖြစ်သည်။

AAPP ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ် မှ မြန်မာတစ်နိုင်ငံလုံး အာဏာသိမ်းချိန်မှစကာ မေလ အထိ ချိတ်ပိတ်ခဲ့သည့် နေအိမ်၊ အဆောက်အဦးပေါင်း ၆၁၇ ထက်မနည်းရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button