သတင်း

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် တုံကျေးရွာတွင် ဇွန်လ ၂၃ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံထားရသော ရုပ်အလောင်းကို ဇွန်လ ၂၅ရက်နေ့ တွေ့ရှိခဲ့ကြောင်း ဆားလင်းကြီး PDF အဖွဲ့ထံမှသိရသည်။

ဖမ်းဆီးခံရသော ရဲဘော် ၂ဦးကို လက်ပြန်ကြိုးတုပ်ကာ နှိပ်စက် သတ်ဖြတ်ထားသည့် ရုပ်အလောင်း ရွာ၏ အပြင်ဘက် လမ်းတစ်နေရာတွင် တွေ့ရှိခဲ့သည်ဟု Salingyi GZ Local PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ကျနော်တို့က အလောင်းကိုတော့ ၂၅ရက်နေ့ကျမှပြန်တွေ့တာပါ။ သူတို့က လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်ထားတာတယ်။ အလောင်းကိုကြည့်ရင် နှိပ်စက်တာမသေလို့ နောက်ဆုံး ပစ်သတ်သွားတာ ဖြစ်နိုင်တယ်။ အလောင်းကိုတော့ မီးသဂြိုလ်ပေးခဲ့နိုင်ပါတယ်”ဟုပြောဆိုသည်။

သတ်ဖြတ်ခံခဲ့ရသည့် PDF ရဲဘော်နှစ်ဦးသည် အသက် ၂၀ ဝန်းကျင်အရွယ်သာရှိသူများဖြစ်ကြပြီး ရဲဘော်ပေါက်စနှင့်ရဲဘော်ဇွဲနေဇာ ခေါ်သူများဖြစ်ကြသည်။

အဆိုပါ ရဲဘော် ၂ဦးသည် ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့ တုံကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးများပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက်လာစဥ် ပြည်သူများဘေးလွှတ်ရာသို့ ထွက်ပြေးရန် ကူညီပေးခဲ့ရာမှ စစ်ကြောင်းနှင့်တိုးခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဆားလင်းကြီး PDF ရဲဘော် ၂ဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ဆားလင်းကြီး PDF အဖွဲ့မှလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားသည်။

ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီတစ်ဝိုက် ဇွန်လအတွင်းမှ စစ်ကောင်စီတပ် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားသဖြင့် ထိုဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် PDF တို့ကြား ၂ဖက်တပ်စစ်ရေးတင်းမားမှု ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Show More

Related Articles

Back to top button