Fact Checkသတင်း

ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်

YouTube တွင် ဝင်ငွေရရှိရေးအတွက် စာဖတ်ပရိတ်ကို ဆွဲဆောင်နိုင်မည့် ‘ဇူလိုင် ၄ ရက်နေ့ ၁၀ နာရီတိတိမှာ အာဏာပြန်အပ်လိုက်ပြီ’ ဆိုသော သတင်းအမှား YouTube ဗီဒီယိုတစ်ခု ယနေ့ ထပ်မံ ပြန့်နှံနေပါသည်။

ပရိသတ် ၉ သောင်းနီးပါး (Subscriber 87.4 K) ရှိသော “အရေးတော်ပုံ ayaytawbon”  Youtube Channel တွင် ၉ မိနစ်၊ ၆ စက္ကန့်ရှိသော ဗီဒီယိုတစ်ခုကို ယနေ့ နံနက်ပိုင်းက စတင် မျှဝေခဲ့သည်ကို တွေ့ရှိရသည်။

ဗီဒီယိုဖိုင်၏ Thumbnail တွင် “ဇူလိုင်လ(၄)ရက်နေ့ ၁၀ နာရီတိတိမှာ အာဏာပြန်အပ်လိုက်ပီ ဆိုသည့် သတင်းအမှားဖြင့် စာဖတ်ပရိသတ်ကို ဆွဲဆောင်ထားသည်။

ဆန်းစစ်ချက်အရ “ဇူလိုင်လ ၄ ရက်နေ့ ၁၀နာရီတိတိမှာ အာဏာပြန်အပ်လိုက်ပြီ” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားသာ ဖြစ်သည်။ အာဏာသိမ်းစစ်တပ်မှ အာဏာပြန်မအပ်သေးသည်မှာ သတင်းမီဒီယာများမှ တဆင့်သိရှိနိုင်မည် ဖြစ်သည်။

အဆိုပါ Youtube Channel သည် ဝင်ရောက်ကြည့်ရှုသူများပြားအောင် လုပ်ဆောင်ပြီး ဝင်ငွေရရှိအောင် စာဖတ်ပရိသတ်ကို တမင်လုပ်ကြံကာ အကြောင်းအရာများကို မှားယွင်းစွာ ချိတ်ဆက်ထားခြင်းသာဖြစ်သည်။ ‘အာဏာပြန်အပ်လိုက်ပြီ’ ဆိုသော သတင်းအကြောင်းအရာ မှားယွင်းနေသော်လည်း အဆိုပါ ခေါင်းစဉ်ကြောင့် နာရီပိုင်းအတွင်း ကြည့်ရှုသူ တစ်သောင်းခွဲကျော်သွားပြီ ဖြစ်သည်။

ယခုလို သတင်းအမှား ဗီဒီယိုဖိုင်များကို ပရိသတ်စိတ်ဝင်စားအောင်ပြုလုပ်ရသည့် အဓိက ရည်ရွယ်ချက်မှာ ၄င်းတို့၏ ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ပြီး YouTube မှ ပိုက်ဆံရှာဖွေနေခြင်း ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အခုလို သတင်းများကိုဖတ်ရှု၊ နားဆင်ရာတွင် သက်ဆိုင်ရာဌာနများတွင် တရားဝင်ဖော်ပြထားခြင်းရှိ မရှိနှင့် ဒေသတွင်း မီဒီယာများ၏ တင်ပြမှုများမှတဆင့် ကြည့်ရှုစစ်ဆေးကာ ယုံကြည့်သင့်ပါသည်။

Related Articles

Back to top button