သတင်း

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

ကသာမြို့တွင် စစ်ကောင်စီ၏ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပြီးခဲ့သော ဇွန်လ ၃၀ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှသိရသည်။

ကသာမြို့ အမှတ် (၉) ရပ်ကွက် အပိုင်း(၁) တွင်နေထိုင်သော အသက် ၆၀နှစ်ဝန်းကျင်ရှိ ဦးကျော်ဆွေကို အရပ်ဝတ်ဖြင့် လူငယ် ၅ဦးက သူ၏ နေအိမ် ​အပြင်ဘက် ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကသာမြို့နေခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“ဒေသခံတွေပြောတာကတော့ PDF က ပဲဖမ်းသွားတာလို့ပြောတယ်။ သူကစစ်ကောင်စီသတင်းပေးပေါ့။ ပြီးတော့ သူကစစ်ကောင်စီနဲ့ပေါင်းပြီး အခွင့်ယူပြီးစီးပွားရေးဘာညာလုပ်တယ်။ နောက် PDF တွေတော်တော်များများဖမ်းခံလိုက်ရတာလည်း သူ့လက်ချက်လို့ PDF တွေက အတည်ပြုထားတဲ့အပိုင်းတွေရှိတယ်။ ကသာနားမှာဖြစ်တာဆိုတော့ ကသာ PDF ပဲဖမ်းခေါ်သွားတာနေမှာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဦးကျော်ဆွေသည် ယခင်အစိုးရလက်ထက်မှ ရာအိမ်မှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ကြသော ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးများအဖွဲ့သည် PDF အဖွဲ့၏ သတိပေးမှုဖြင့် နုတ်ထွက်သွားကြပြီး လက်ရှိအချိန်အထိ သူတစ်ဦးတည်းသာ နုတ်ထွက်ခြင်းမရှိဘဲ စစ်ကောင်စီနှင့်ပူးပေါင်းနေသောကြောင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။

ဦးကျော်ဆွေကို PDF အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံပြည်သူများပြောဆိုမှုပေါ် ကသာ PDF အဖွဲ့ ထံသို့ KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့ဘက် ဖမ်းဆီးထားကြောင်း သတင်းမရရှိသေးကြောင်းဟု ယခုလိုပြောဆိုထားသည်။

“PDF အဖွဲ့က ဒီဘက်မှာ တစ်ခုထဲတော့ မဟုတ်ဘူးပေါ့နော်။ တခြားတွေလည်းရှိတာကိုး။ အဲ့လိုမျိုး PDF တွေ EAOs တွေဖမ်းရင်လည်းသူတို့ကို စနစ်တကျစစ်ပြီးရင်ခံဝန်နဲ့ပြန် လွတ်တာမျိုးလုပ်မယ်။ အဲ့လိုမျိုး တရားဝင် PDF အဖွဲ့တွေက ဖမ်းတယ်လို့တော့ ခုချိန်ထိသတင်းမရသေးဘူးဗျ”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကသာမြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီနောက် PDF အဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်ခြင်းများမပြုလုပ်ကြရန် မကြာခဏ သတိပေး အကြောင်းကြားမှုများရှိထားကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သို့ပြောသည်။

“အရင်တုန်းကတော့သတိပေး တာတွေရှိတယ် စာပစ်တာတွေရှိတယ် ပြီးတော့မိုင်းဖောက်ခွဲ တာတွေဘာတွေလည်းရှိခဲ့တယ် ကျွန်တော်တို့က ဒါပေမယ့်သူက တိတ်တဆိတ်စစ်ကောင်စီနဲ့ပူးပေါင်းနေတာ ဒါကအဖမ်းခံရတာကသူပထမဦးဆုံးဖမ်းလိုက်တာပဲ”ဟု ကသာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ သတ်ဖြတ်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိပါသည်။

Show More

Related Articles

Back to top button