သတင်း

ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီဟုသိရ

ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်ရေးလမ်းပိုင်းတွင် လွန်ခဲ့သည့်ရက် မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းပျက်စီး၍ အသွားအလာပြတ်တောက်မှုများရှိခဲ့သော်လည်း ယမန်နေ့မှ စတင်၍ ပုံမှန်အတိုင်းသွားလာနိုင်ပြီ ဖြစ်ကြောင်း ကားသမားများထံ မှ စုံစမ်းသိရှိရသည်။

အဆိုပါ လမ်းပိုင်းတွင် ဇွန်လကုန်ပိုင်းမှ မြေပြိုမှု ချောင်းရေကြီးမှု ဖြစ်ပွားခဲ့ပြီး မိုင်တိုင်အမှတ် ၂၈ နှင့် ၂၉ ကြားရှိ တံတားအမှတ် ၁/၄၇ တံတား၏ ကမ်းကပ်ခုံများ ပြိုကျပျက်စီးခဲ့သောကြောင့် ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ကားများဖြတ်သန်းသွားလာမှု ၅ရက်ခန့် ပြတ်တောက်ခဲ့သည်။

ယမန်နေ့ ဇူလိုင် ၅ ရက်နေ့ မနက်မှစတင်၍ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း ယင်းလမ်းပိုင်းတွင် မောင်းနှင်နေသည့် ကုန်ကားသမားတစ်ဦးက KNG သို့ ပြောသည်။

“ကုန်းကားကြီးတွေလည်းပုံမှန်သွားလာနေကြပြီဗျ။ လေးရက်နေ့ကတော့ ကားသေးလေးတွေလောက်ပဲသွားလို့ရတာ မနေ့ကနေတော့ကားကြီးတွေလည်းသွားလို့ရနေပြီ”ဟု အမည်မဖော်လိုသည့်ကုန် ကား သမားတစ်ဦးကပြောသည်။

အလားတူ မိုင်တိုင်အမှတ် ၄၄ အနီးတွင်လည်း မြေသား လမ်းအရှည်ပေ ၁၅၀ ခန့်ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ပြီး ယင်းလမ်းမြေပြိုမှုနဲ့ တံတား ကျိုးကျမှုကို လမ်းဦးစီးဌာနနဲ့ ဟုန်ရှင်းကျန်းလမ်းဆောက်လုပ်ရေးတို့မှ ပူးပေါင်းကာ ၄ရက်ခန့်အကြာပြုပြင်မှုအပြီးယခုကဲ့သို့သွားလာနိုင်ခြင်းဖြစ်ကြောင်းသိရသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းဖြင့် ဗန်းမော်ခရိုင်ထွက် ဆန်၊ ဆန်ကွဲ၊ ပြောင်း ၊တစ်သျှုးငှက်ပျော၊ ကြံ၊ ဖရဲတို့ကို တရုတ်ပြည်သို့တင်ပို့လျက်ရှိပြီး လက်ရှိတွင် ဆန်ကိုသာ အများဆုံးတင်ပို့လျက်ရှိပြီး ပို့ကုန်ရှားပါးသည့် ရာသီလည်း ဖြစ်နေကြောင်း ကားသမားတစ်ဦးက ပြောသည်။

“အခုက ပို့ကုန်ရှားသွားပြီ တစ်သျှူးငှက်ပျောကာလည်း ရာသီကုန်ပြီးဆိုတော့ ငှက်ပျောကားထွက်တဲ့အချိန် မဟုတ်တော့ဘူး အခု ကုန်ကားကြီးတွေက ဆန်နည်းနည်းပဲနည်းနည်းလောက်ပဲလာတော့တာ”ဟု သီးနှံကားမောင်းသည့် ကားသမားတစ်ဦးက ပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးလမ်းဖြင့် တရုတ်ပြည်သို့ အဓိက ပို့ကုန်မှာ ငှက်ပျော၊ ဒုတိယပို့ကုန်မှာ ဖရဲနှင့်ကြံတို့ဖြစ်ပြီး လက်ရှိရာသီသည် ယင်းသီးနှံတင်ပို့သည့်ရာသီမဟုတ်သည့်အတွက် ကုန်ကား သမားများလည် အလုပ်အကိုင်ရှားပါးလာကြောင်းသိရသည်။

ကချင်-တရုတ် နယ်စပ်ဖြင့်သည့် လွယ်ဂျယ်ကုန်သွယ်ရေးလမ်းကြောင်းကို ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က ၂၀၂၁ ခုနှစ် ဇူလိုင်က စတင်ပိတ်ခဲ့ရာ ခြောက်ကျော်ကြာတွင်ပြန်ဖွင့်ပေးခဲ့ပြီး ယခု ကိုဗစ်ကပ်ရောဂါကူးစက်မှု ကျဆင်းလာပြီဖြစ်သောကြောင့် ပုံမှန်အတိုင်း ပြန်ဖွင့်လှစ်ပေးနေပြီ ဖြစ်သည်။

Show More

Related Articles

Back to top button