သတင်း

ဖားကန့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား ၆ ဦးကို KIA ဖမ်းဆီး

ဖားကန့်သွားလမ်းမပေါ် ခွမ်စိုင်ဇွပ် နှင့် တံတားညီနောင်ကြားတွင် အရပ်သား ယောင်ဆောင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ကို ယမန်နေ့ ၁ နာရီဝန်းကျင်ခန့်တွင် ကချင်လွတ်လပ်ရေးတပ်တော် KIA မှ ဖမ်းဆီးခေါင်ဆောင်သွားသည်ဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်မှ ခွမ်စိုင်ဇွပ်နှင့် ဂေါ့လူယန်ကျေးရွာကြား လမ်းမကြီးတစ်လျှောက် KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၄၄ အဖွဲ့ စစ်ဆေးရေး လုပ်ငန်းဝင်ရောက်နေချိန် ကားမိုင်းဘက်မှ အရပ်သားယောင်ဆောင်ထားသည့် တပ်ဖွဲ့ဝင် ၆ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ရှေ့တန်း KIA နှင့် နီးစပ်သည့် ဒေသခံအမျိုးသား တစ်ဦးက KNG ဌာနကို ပြောဆိုခဲ့သည်။

“ဖမ်းတာက ဂေါ့လူယန်ရွာအဝင်နားမှာ ဟုတ်တယ်။ ၆ ယေက်ပါသွားတယ်။ ဒီအဖွဲ့က ဖားကန့်ဘက်ကို သွားတာလည်း မဟုတ်ဘူး။ ဒီအဖွဲ့တွေ အရပ်သား ဟန်ဆောင်ပြီး သွားလာနေတာ သိပ်မကြာသေးဘူး။ KIA က ကျနော်တို့ ဒေသခံတွေကို ဒုက္ခပေးမှာစိုးလို့ ဖမ်းဖို့ချောင်းနေတာ ဟုတ်တယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသော တပ်သား ၆ ဦးသည် ကားမိုင်းမြို့တွင် အခြေစိုက်ထားသော ဗျူဟာကုန်းမှ အဖွဲ့ဝင်များဖြစ်ပြီး ဂေါ့လူယန်ကျေးရွာ မှ ဒေသခံပြည်သူ တစ်ချို့ကို ဖမ်းဆီးရန် အရပ်သားပုံစံဖြင့် သွားလာနေသော အဖွဲ့ဖြစ်သည်ဟု သူက ဆက်ဆိုထားသည်။

“ရွာမှာ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး ပြသနာအနည်းငယ်ရှိနေတာ ဟုတ်တယ်။ အဲ့ကြောင့် ရွာမှာရှိတဲ့ တစ်ချို့ကို ဖမ်းဖို့ ချောင်းနေတယ်လို့ သတင်းရထားတယ်။ ပြီးရင် ဒီအဖွဲ့တွေက ရဲလိုလို အရပ်သားလိုလို လိုက်သွားနေတာ။ အမှန်တော့ ကားမိုင်း ဗျူဟာကုန်းက စစ်သားတွေ ဟုတ်တယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးနဲ့အတူ လက်နက်ပစ္စည်းတစ်ချို့လည်း ပါဝင်သည်ဟု ဆက်လက်သိရသည်။

Show More

Related Articles

Back to top button