သတင်း

ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် NUG အစိုးရလမ်းညွန်မှုဖြင့် မီးသတ်သင်တန်း ပထမအကြိမ်ဖွင့်လှစ်ပို့ချပြီးစီးခဲ့ပြီ နောက် ဒုတိယအကြိမ် ထပ်မံဖွင့်လှစ် ပို့ချပေးရန်စီစဉ် နေကြောင်း ကနီမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှသိရသည်။

NUG အစိုးရ၏ လမ်းညွန်မှုအောက်  ကြားကာလ၌ ပြည်သူများအနေဖြင့် မီးဘေးအန္တာရယ်ကိုအတတ်နိုင်ဆုံး ကာကွယ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မီးသတ် အပတ်စဉ် ၁ ကို ၂၀၂၂ ခုနှစ် ဧပြီလ ကဖွင့်လှစ်ပြီးစီးပြီး အပတ်စဉ် ၂ သင်တန်းအတွက် ဆက်လက်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ယင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေးပူးပေါင်းဆောင်ရွက်ပေးနေသည့် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“၂၀၂၁ ခုနှစ်မှာတော့ သင်တန်းဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘူး။ ဒါပေမယ့် ဒီ ၂၀၂၂ ခုနှစ်မှာတော့ NUG လမ်းညွန်ချက်နဲ့အညီ မီးသတ်သင်တန်းကိုတစ်ကြိမ်ပေးနိုင်ခဲ့တယ်။ အဓိကတော့အဲ့သင်တန်းမှာဆိုလို့ရှိရင် အ​ခြေခံမီးငြိမ်းသတ်န​ည်း မီးသတ်စစ်ရေးပြ တာတွေ မီးသတ်ဖွဲ့စည်းပြီးဘယ်လိုလုပ်ကြမလဲ စတာတွေသင်ကြားပို့ချပေးခဲ့တယ်”ဟုပြောဆိုသည်။

အပတ်စဥ် ၁ မီးသတ်သင်တန်းတွင် ကနီမြို့နယ်အ တွင်းရှိ ကျေးရွာပေါင်း ၂၇ ရွာမှ CDM မီးသတ်ဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူလူသယ်များ စုစုပေါင်းသင် တန်းသား ၄၀ ဦးအထိတက်ရောက်ခဲ့ကြောင်းသိရသည်။

“ဧပြီလနောက်ပိုင်းကနီနယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်သင်တန်းတွေ ဆက်ပြီးတော့မပေးနိုင်ခဲ့ဘူး။ သို့သော် ကျနော်တို့ကနီနယ်မှာရှိတဲ့မီးသတ်တာဝန်ခံနဲ့တွေ့ဆုံကြည့်တဲ့အခါမှာ အပတ်စဉ် ၂ကိုဆက်ပြီးပေးဖို့လုပ်ဆောင်နေတယ်လို့သိရတယ်”ဟု ယင်းသင်တန်း များဖွင့်လှစ်နိုင်ရေးတွင် မြေပြင်တွင်ဆောင်ရွက်ပေးနေသည့် လူငယ်တစ်ဦးကပြောသည်။

ကနီမြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုအများဆုံးဟုဆိုနိုင်ပြီး ယခုနောက်ပိုင်းတွင် သင်တန်းဆင်းမီးသတ်တပ်ဖွဲ့များဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ပကဖများနှင့်ပြည်သူများပူးပေါင်းကာ မီးဘေးအန္တာရယ်မှ ဆုံးရှုံးနစ်နာမှု မရှိရလေအောင် ကာကွယ်‌ပေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ကနီမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က လူနေအိမ်ပေါင်း ၂၀၀၀ ကျော်အထိမီးရှို့ဖျက်ဆီးခဲ့ပြီဖြစ်ပြီး ယင်းတွင်အဆိုးရွားဆုံးကာလမှာ မေလနှင့် ဇွန်လတို့တွင်ဖြစ်ပြီး ယင်းအနှစ်အတွင် လူနေအိမ်ခြေ ၁၀၉၂ လုံးအထိမီးရှို့ဖျက်ဆီးခဲ့​ကြောင်းသိရသည်။

Show More

Related Articles

Back to top button