သတင်း

ကုန်းလောတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် စစ်ကောင်စီ သတင်းပေး ဟုယူဆခံရသော အမျိုးသားတစ်ဦး ယမန်နေ့ ည ၆ နာရီဝန်းကျင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

ကုန်းလော ရွာထိပ်ပိုင်း ချိုခိုင်လမ်းဆုံတောင့်တွင် စားသောက်ဆိုင်ဖွင့်ထားသည့် အသက် ၄၀ နှစ်အရွယ်ရှိ ဦးထွန်းလင်း ဆိုသူဖြစ်ကြောင်း ကုန်းလောဒေသခံ အမျိုးသားတစ်ဦး က KNG သတင်းဌာနကို ယခုလို ပြောဆိုသည်။

“KIA စစ်သား ၂ယောက်က လာပြီး တစ်ယောက် တစ်ခါစီပစ်တာ သေနတ် ၂ ချက်မှန်သွားတယ်။ အဲ့နေရာမှာဘဲ တစ်ခါထဲ သေသွားတာဟုတ်တယ်။ အဲ့တစ်ယောက်က ဒီမှာ လှုပ်ရှားနေတာကြာပြီ။ လမ်းဆုံမှာ စားသောက်ဆိုင် ဖွင့်ထားတယ်။ သတင်းပေးလိုလို ဘာလိုလိုနဲ့။ KIA ကလည်း စောင့်ကြည့်နေတာထင်တယ်” ဟု ပြောဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ပစ်သတ်သွားသည်ဟု ဒေသခံတစ်ချို့ပြောဆိုသော်လည်း KIA တာဝန်ခံများကို မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ပစ်သတ်ခံရသည့် ဦးထွန်းလင်းသည် ကုန်းလောတွင် အခြေစိုက်ထားသော ခမရ ၃၈၇ တပ်ရင်းမှ တပ်ထွက်တစ်ဦး ဖြစ်ပြီး ချိုခိုင်ခေါ် လမ်းမကြီးလမ်းဆုံတွင် လင်မယာ နှစ်ယောက်စလုံး စားသောက်ဆိုင်ဖွင့်ပြီး နေထိုင်ရာမှ ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

ကုန်းလောတွင် စစ်ကောင်စီ၏ သတင်းပေးအဖြစ် ပစ်သတ်ခံရမှု ယခု ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးတစ်လျောက် ကုန်းလော၊ နွမ်းလန့်၊ မြို့သစ်စသည့်ကျေးရွာများတွင် စစ်တပ်စခန်းအများအပြားတည်ရှိပြီး ကျေးရွာအတွင်း စစ်တပ်သတင်းပေးများလည်း နေထိုင်သည်ဟု ဒေသခံများဆိုသည်။

အဆိုပါနေရာများတွင် လွန်ခဲ့သည့် ၂၀၂၁ နှစ်ဆန်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖြင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button