သတင်း

ဝိုင်းမော် နောင်းချိန်း တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ၊ ကျူးလွန်သူလည်း အသတ်ခံထားရ

ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာတွင် ကချင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကာ သေဆုံးသွားပြီးနောက် ကျူးလွန်သူအမျိုးသားလည်း ထပ်မံသေဆုံးသည့် ဖြစ်စဉ် ယခုအပတ်အတွင်း ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၄ ရက်နေ့ နောင်းချိန်းကျေးရွာအနီး ရွှေမှော်တွင် ထမင်းချက်နေသော အသက် ၂၀ ကျော်အရွယ် အမျိုးသမီးကို နောက်ထပ် ကျင်းသားတစ်ဦး က တောဘက်သို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး နောက်တစ်ရက် ဇွန်လ ၅ ရက်နေ့တွင် ကျူးလွန်သူ အမျိုးသားကို အခြားကျင်းသားများမှ ရိုက်နက်ခဲ့ရာ သေဆုံးသွားသည်ဟု နောင်းချိန်းဒေသခံတစ်ဦး က KNG သတင်းဌာန ကို ပြောဆိုခဲ့သည်။

“အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးက စားဖိုမ ဝင်လုပ်နေတာဟုတ်တယ်။ ကျူးလွန်တဲ့သူကလည်း သူထမင်းချက်တဲ့ နေရာမှာဘဲ ကျင်းသားလုပ်နေတာတဲ့။ မိန်းကလေးကို ထင်းခွင်သွားရအောင်ပြောပြီး တောထဲခေါ်သွားတဲ့နေရာမှာ ဖြစ်သွားတယ်လို့ပြောတယ်။ နောက်တစ်ရက် အဲ့စားဖိုမလည်း ပျောက်နေတော့ လိုက်ရှာကြတယ်။ အဲ့ကောင်လေးမှာလည်း ပါးစပ်နဲ့ ကိုက်ထားတဲ့ ဒဏ်ရာပြန်တွေ့သူ့ကို ပြန်စစ်ကြည့်တော့ ဟုတ်တယ်လို့ ဝင်ခံရင်း အဲ့နေရာမှာ ၉ ယောက်လောက်က ဝိုင်းရိုက်ရင်း လက်လွန် သွားလို့ ဆုံးသွားတယ်လို့တယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ နှင့် ကျူးလွန်သူ နှစ်ဦးတို့သည့် လုပ်ငန်းခွင်တစ်ခုတွင်အတူ လုပ်ကိုင်သူများဖြစ်ကြောင်း သိရပြီး အမျိုးသမီး၏ ရုပ်အလောင်းကို ဇွန်လ ၆ ရက်နေ့ အမှော်အနီးရှိ ချောင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ပြောသည်။

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် ကချင်အမျိုးသမီးသည် အဆိုပါရွှေမှော်တွင် အလုပ်ဝင်ရောက်လုပ်ကိုင်သည်မှာ ၂ပတ်ခန့်သာရှိသေးပြီး ရှမ်းပြည်ဘက်မှ မြစ်ကြီးနား ဆွေးမျိုးအိမ်တွင် လာရောက်နေထိုင်သူဖြစ်ကြောင်း သိရသည်။

အမျိုးသမီးကို အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့သော အမျိုးသားကို အသက်သေဆုံးသည့်အထိ ရိုက်နက်ခဲ့သော အမျိုးသား ၉ ဦးကိုလည်း ဝိုင်းမော် ရဲတပ်ဖွဲ့မှ ဖမ်းဆီး စစ်ဆေးမှုများပြုလုပ်လျက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။

Show More

Related Articles

Back to top button