သတင်း

အင်းတော်-ဗန်းမောက်လမ်းပိုင်း ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိပိတ်

စစ်ရေးတင်းမာနေသည့် ကချင် စစ်ကိုင်းနယ်စပ် အင်းတော်-ဗန်းမောက်လမ်းပိုင်းတွင် ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင်လ ၇ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ သိရသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း လက်နက်ခဲယမ်းအများအပြားကို ကုန်ကားကြီးများဖြင့် သယ်ယူကာ ဗန်းမောက်ဘက်သို့ အင်အားဖြည့်တင်းနေသောကြောင့် ကုန်ကားကြီးများဖြတ်တန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

“ပိတ်ပင်ရတဲ့အကြောင်းရင်းက အင်းတော်ထဲက စစ်ကောင်စီတပ်တွေက စစ်ကိုင်းဘက်မှာ စစ်ကိုင်းအထူးတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတော့ စစ်သားတွေက အင်းတော်-ဗန်းမောက်လမ်းကိုသုံးပြီး အဲ့ဘက်ကို အင်အားတိုးချဲ့နေတယ်။ ပြီးတော့စစ်လက်နက်ပစ္စည်းတွေကော ရိက္ခာတွေကောကုန်ကားကြီးတွေနဲ့သယ်နေတာကြောင့်မို့ တကယ်လို့ ကြားဖြတ် တိုက်ခိုက်ချင်ရင်တော့ အရပ်သားကားနဲ့သူတို့ကားနဲ့မှားပြီး လုပ်မိမှာဆိုးလို့ ပိတ်လိုက်တာပါ”ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ ညပိုင်းတွင် အင်းတော်မြို့မှ ဗန်းမောက်ဘက်သို့ အရပ်သားကားများကို ချော်ဆွဲကာ စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာများကို တစ်ကြိမ်ပို့ဆောင်မှုများရှိခဲ့သဖြင့် ယခုလိုထပ်မဖြစ်ရလေအောင် ကုန်တင်ကားကြီးဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သူကဆက်ဆိုထားသည်။

“အကန့်သတ်ကတော့ ကျွန်တော်တို့ပြန် ဖွင့်မယ်ဆိုတဲ့အခါကျမှပဲပြန်ပြောပေးမယ်။ ကုန်ကားတွေကျတော့လုံးဝမရဘူး။ အိမ်စီးကားတွေတော့ သွားလို့ရတယ် ဒါပေမယ့် မှန်ချပြီးမှပဲသွားလို့ရမယ်”ဟု ဆက်ပြောသည်။

သို့သော် ကုန်တင်ကားကြီးများသွားလာခွင့် ပိတ်ထားသော်လည်း အိမ်စီးကားများသွားလာခွင့်ရရှိကြောင်းသိရသည်။

ယခုကဲ့သို့ သတိပေးထားသည့် ကြားမှ ဖြတ်သန်းသွားလာမိ၍ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ပါကလည်း အင်းတော် PDF မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ဆိုထားသည်။

လတ်တလော အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမာလျက်ရှိကြောင်း ဆက်လက်သိရသည်။

Show More

Related Articles

Back to top button