တိုက်ပွဲသတင်း

ဝိုင်းမော်မြို့အနီး KIA တပ်စခန်းကို စစ်ကောင်စီ နှင့် ပြည်သူ့စစ်အဖွဲ့ အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်

ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအနီး နန်ဇော် (Nang Zaw Yang) ကျေးရွာဘက်သို့ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန် ဘက်သို့ စစ်မျက်နှာ ၄ ခုဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် နှင့် ဦးရွှေမင်း ပြည်သူ့စစ်ပူးပေါင်းတပ်တို့ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား ယမန်နေ့ ညနေ ၅နာရီ ဝန်းကျင်တွင် နန်ဇော်ယန် (Nang Zaw Yang) နှင့် ဂွေရွတ်ယန် (Gwi Rut Yang) ကျေးရွာ ၂ခုကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဝိုင်မော် မဒိန်ကျေးရွာရှိ ခလရ ၅၈ တပ်ရင်း မှ KIA ရှိသည့် နန်ဇော်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်နေသည်မှာ မရေတွက်နိုင်တော့ကြောင်း ဝိုင်းမော် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“နန်ဇော်ရွာဘက် ၅၈ တပ်ရင်းက လက်နက်ကြီးပစ်နေတာဟုတ်တယ်။ မနေ့ည နန်ဇော်နဲ့ ဂွေရွတ်ယန် ကြားမှာ တိုက်ပွဲဖြစ်တာ ဗမာ စစ်သားတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဘက်က စစ်အင်အားများတော့ တော်တော်ထိသွားတယ်လို့ ကြားတယ်။ ထိခိုက်တဲ့ သူတွေကို စစ်ကား ၃ စီးနဲ့ ဒီဘက်ကိုသယ်လာတယ်။ ပြီးရင် ဒီမနက်မှာက နန်ဇော်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။” ဟု ပြောဆိုသည်။

နန်ဇော် ကျေးရွာဘက်သို့ စစ်ကောင်စီတပ်နှင့် ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့တို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းသည် ဝူယန်နှင့် အောင်မြေ ၁ တွင်ရှိသော ပြည်သူ့စစ်စခန်းများကို KIA က ဝင်ရောက် တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် နန်ဇော်ကျေးရွာ ရှိ KIA တပ်စခန်းကို လက်ဦးယူ တိုက်ခိုက်မှုဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

“ဝိုင်းမော်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ် ၂ခုစလုံးက နန်ဇော်ဘက်ကနေ လက်နက်ကြီးတွေ ပစ်မယ်ဆိုရင်လည်း နီးတာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူ့စစ်ကနေ ဒီဟာကို ကြောက်လို့ နန်ဇော်မှာရှိတဲ့ KIA တပ်စခန်းကို အင်အားအလုံးအရင်း သုံးပြီး တိုက်ခိုက်ဖို့လုပ်နေတယ်။ သူတို့ နန်ဇော်ဘက်ကို စစ်ရေးလှုပ်ရှားတာ အခုဆို ၂ပတ်လောက်ရှိလာပြီ” ဟု ပြောဆိုသည်။

၂ ဖက်ကြား စစ်ရေး တင်းမာလာသောကြောင့် ပြီးခဲ့တဲ့အပတ်မှစတင်ကာ နန်ဇော်ကျေးရွာအနီး တောင်ယာအခင်း လုပ်ကိုင်စားသောက်နေရသော ဒေသခံတစ်ချို့မှာ မြို့ပေါ်သို့ ထွက်ပြေးခဲ့ရသည်ဟု သိရသည်။

ဇွန်လ ၈ရက်နေ့ စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို စစ်ကား ၂၀ စီးဖြင့် ဝိုင်းမော် မှ နန်ဇော်ကျေးရွာဘက်သို့ ပို့ဆောင်ခဲ့ပြီးနောက် ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် စစ်ကောင်စီတပ်မှ နန်ဇော်ဘက်သို့ ယနေ့အထိ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က KIA အရာရှိတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ မှ ပစ်သတ်လိုက်ပြီးနောက် စစ်တပ် နှင့် ပြည်သူ့စစ် ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုများကို ယခင်ထက်ပိုမို လုပ်ဆောင်လာသည်ဟု ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။

ဝိုင်းမော်မြို့နှင့် အနီးဆုံး ကချင်လွတ်လပ်ရေးတပ်မတော် KIA စခန်းချထားသော နန်ဇော်ကျေးရွာသည် ယခင်က KIA စာသင်ကျောင်းအထိရှိခဲ့သော အုပ်ချုပ်ရေးနယ်မြေ တစ်ခုဖြစ်သည်။ သို့သော် ၂၀၁၁ ကချင်ဒေသ တစ်ကျော့ပြန် တိုက်ပွဲကြောင့် ဒေသခံများ စစ်ပြေးခဲ့ရပြီး ကျေးရွာ ပျက်ခဲ့သော နေရာဖြစ်သည်။

Show More

Related Articles

Back to top button