တိုက်ပွဲသတင်း

ဆားလင်းကြီး မြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့မ ရဲစခန်းကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ယနေ့နံနက်ပိုင်း ၂နာရီဝန်းကျင်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် မှ ၃ဦးကျဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း တွေ့ရာသင်္ချိုင်း ဓားမဆိုင်း အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ တပ်သားများ နေထိုင်သည့် အဆောက်အဦးပေါ်သို့ တွေ့ရာ သင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့မှ ၈၀ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီနေ့ မနက်၂နာရီကျော်လောက်ကနေစပြီး ပစ်ခဲ့တယ်ဗျ ပထမတစ်လုံးက ခွေးတွေနေတဲ့အဆောင်ကို ထိသွားပြီး အဆောက်အဦးတစ်ချို့ ပျက်စီးသွားတယ်။ ပြီးတော့သူတို့ဘက်က ၄၀ မမ ဗုံးသီးနဲ့ ပြန်ပစ်တယ်။ မောင်းပြန်တွေနဲ့ပြန်ပစ် ဒရုန်းတွေ ဘာတွေနဲ့ပစ်တော့ ခနပုန်းနေလိုက်ရတယ်။ ၃ နာရီ ဝန်းကျင်လောက်မှာ ကျနော်တို့ဘက်က နောက်ထပ်သုံးလုံး ထပ်ပစ်တယ်။ သူတို့ဘက်ကလည်း ဒရုန်းလိုက်ပြီး ပြန်ပစ်တယ်။ အဲ့မှာထပ်ပုန်းရင်းပစ်တာ ၉လုံးလောက်ပစ်ခဲ့တယ် သူတို့ဘက်က ၃ ယောက်သေတယ်။ အများအပြား ဒဏ်ရာရသွားတယ်” ဟု တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အကျအဆုံး စာရင်းကို ခိုင်လုံသည့် မျက်မြင်သတင်းပေးသူများမှ တစ်ဆင့် သိရှိခဲ့ပြီး တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့ဘက်မှ အကျအဆုံးမရှိခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ဆိုသည်။

တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပြောက်ကျားတပ်ဖွဲ့အနေဖြင့် ဆားလင်းကြီး မြို့မရဲစခန်းကို လက်နက်ကြီးသုံး တိုက်ခိုက်သည်မှာ သုံးကြိမ်မြောက်ရှိပြီ ဖြစ်ပြီး သုံးကြိမ်တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သား ၈ ဦး အထိ ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button