သတင်း

မော်ဟန်တွင် တောင်ကျ ချောင်းရေ မြင့်တက်ခဲ့မှုကြောင့် နေအိမ် နှင့် တံတားများ ပျက်စီးဆုံးရှုံး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် ဇူလိုင်လ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နန့်ခွဲခမ်း ချောင်းရေလျှံသဖြင့် ပြည်သူများ၏ ဆန်စပါး နှင့် လူနေအိမ် ၃ လုံး နှင့် တံတားသုံးစင်း ရေထဲမျောပါ သွားကြောင်း ဒေသခံများထံ မှ သိရသည်။

မော်ဟန် ကျေးရွာတွင် ဇူလိုင်လ ၉ ရက် ညပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောက်တစ်ရက် ၁၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲအချိန်မှ စတင်ကာ နန့်ခွဲခမ်းချောင်းရေ ရုတ်တရက်ထပ်မံ မြင့်တက်လာသောကြောင့် မော်ဟန် (ရွာမကြီး) ရပ်ကွက် နှင့် ဘူတာစု ရပ်ကွက် ပြည်သူများ၏ ဆန် စပါး၊ တံတားများနှင့် လူနေအိမ်သုံးများ မျောပါသွားခြင်း ဖြစ်သည်ဟု သိရသည်။

“အဓိကတော့ ချောင်းနဲ့နီးတဲ့ မြေနိမ့်ပိုင်းအိမ်တွေ မြှပ်သွားတာ။ ဘူတာစုနဲ့ မော်ဟန်ရပ်ကွက် က အိမ်ထောင်စု ၁၂ စု လောက်ရဲ့ဆန်တွေ စပါးတွေ ရေမြှပ်ပျက်စီးသွားတယ်။ တချို့ဆို နှုန်းမြေတွေနဲ့ ရစရာမရှိဘူး။ ပြီးတော့ ဘူတာစု ရပ်ကွက်ထဲက လူနေအိမ်သုံးလုံးလည်း ရေထဲပါသွားတယ်။ ရပ်ကွက်ချင်းဆက် တံတားတစ်စင်းနဲ့ လူနေအိမ်ကြား ဆက်ထားတဲ့ကွန်ကရစ် တံတားငယ်နှစ်ခုပါသွားတယ်”ဟု မော်ဟန်ကျေးရွာ မှ အမျိုးသားတစ်ဦး ပြောသည်။

မျောပါသွားသည့် တံတားမှာ မော်ဟန်(ရွာမကြီး)ရပ်ကွက်နှင့် ဘူတာစုရပ်ကွက်ကိုဆက်သွယ်ပေး ထားသည့် အလျား ပေ ၃၀ ၊ အကျယ် ၁၈ ပေရှည်သည့် ကာလတန်ဖိုး ကျပ်သိန်း ၆၀ ကျော်ရှိ အုတ်တိုင် ပျဉ်ခင်းတံတားအမျိုးအစား တစ်စင်းနဲ့ ပေ ၂၀ နီးပါးရှည်သည့် ဘူတာစုရပ်ကွက်အတွင်းမှ တံတားငယ်နှစ်စင်းတို့မျောပါသွားသည့်အပြင် ပြည်သူအချို့ဧ နေအိမ်မှ ပစည်းများလည်း မျောပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

“တချို့ဆိုရင်ဗျာ အိပ်ယာလိပ်ကစမျောပါသွားတာ ရေက ၉နာရီခွဲမှာရုတ်တရက်ကြီးမြင့်တက်လာတာ အဲ့ချိန်က အများပိုင်းက လယ်ခင်း ယာခင်းမှာရောက်ကုန်ကြပြီလည်း ဘာမှ ပြင်ဆင်ချိန်မရလိုက်ဘူး အိမ်တွေမှာလည်း တစ်ပေကျော်ကျော်နှုန်းမြေတွေတင်နေတာ ပျက်စီးမှုကတော့အများကြီးဗျ” ဟု မော်ဟန်ရပ်ကွက် အမျိုး သားတစ်ဦးက ပြောသည်။

လတ်တလောတွင် ချောင်းရေကြောင့်ပါသွားသည့် တံတားများပြန်လည်တည်ဆောက်ရေးကို ကျေးရွာနေပြည်သူများ ပြုပြင်တည်ဆောက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

မော်ဟန်ကျေးရွာသည် မော်ပင့်ရပ်ကွက် ၊ မော်ဟန်(ရွာမကြီး )ရပ်ကွက်၊ ဘူတာစုရပ်ကွက်၊ ကွက်သစ် ရပ်ကွက် နှင့် အောင်စိန်ကုန်းရပ်ကွက် စသည့် ရပ်ကွက် ငါးခုဖြင့် ဖွဲ့စည်းထားပြီး ယခုကဲ့သို့တောင်ကျချောင်းရေတောင် ရေကြီးရေလျှံမှု နှစ်စဉ်ကြုံတွေ့နေရ သော်လည်း ယခုတစ်ကြိမ်မှာအဆိုးဆုံးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button