မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ နယ်မြေအတွင်း လက်နက်ကြီး ပစ်ခတ်ခံရ

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ အနီးရှိ ၂၁ တပ်ရင်းအတွင်းသို့ ယနေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီး ပစ်ခတ်ခံရကြောင်း တပ် နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ဇူလိုင်လ ၁၂ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်တွင် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေ အများသုံး လေယာဉ်ကွင်း နောက်ကျောဘက်ရှိ ၂၁ တပ်ရင်းအတွင်းသို့ လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခံရသည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း သိရသည်။
“ဟုတ်တယ် လက်နက်ကြီး ၆ ကြိမ်လောက်ကြားရတယ်။ အထဲမှာဝန်ထမ်းတွေနေတဲ့ဘက်ကို ကျတာလည်းရှိတယ်လို့ သိရတယ်။ ဘယ်လောက်ထိသွားတာလဲတော့ တိတိကျကျ မသိရသေးဘူး” ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အထက်ပါသတင်းရင်းမြစ်၏ ပြောဆိုချက်အရ တပ်တွင်းယခုရက်ပိုင်း ရှေ့တန်းပြန်ဒဏ်ရာရရှိသည့် ရဲဘော်များအများစု လာရောက်ပို့ဆောင်ထားသည့် ဝန်ထမ်းတထန်းလျားဘက်သို့ကျသည့်အတွက် ထိခိုက်သေဆုံးမှု များနိုင်သည်ဟု ဆိုသော်လည်း KNG သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်သွားသည်ကို တိတိကျကျ မသိရပေးပါ။
မြစ်ကြီးနားမြို့နယ်တွင် ပြီးခဲ့သည့် ပြီးခဲ့သည့်လအတွင်း စစ်ကောင်စီတပ်၏ ဝန်ထမ်းအိမ်ယာများတွင် အသံမိုင်းပေါက်ကွဲမှု၊ စစစ နေရာတစ်ခုရှေ့ ဖေါက်ခွဲခံရမှု၊ လေတပ်စခန်းအနီးပစ်ခတ်ခံရမှုများ ရှိခဲ့သည်။